ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်
ဘယ်အချိန်မှာမဆို နျူကလီးယားတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ရေး ပြင်ဆင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ကို တောင်းဆိုခဲ့ပြီး နျူကလီးယားလက်နက်တွေ အပါအဝင် ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ တိုးချဲ့လုပ်ဆောင်နေတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို စွပ်စွဲလိုက်ကြောင်း နိုင် ငံပိုင် KCNA သတင်းဌာနက ယနေ့ ဖော်ပြပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားကို ပြင်းထန်တဲ့ သတိပေးမှုတွေပြုလုပ်မှုအဖြစ် နျူကလီးယား တန်ပြန် တိုက်ခိုက်မှုစွမ်းရည် မြှင့်တင်ဖို့ရည်ရွယ်တဲ့ လေ့ကျင့်မှုတွေကို မြောက်ကိုရီးယားက လုပ်ဆောင်ပြီးနောက် ကင်ဂျုံ အန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
နျူကလီးယား တိုက်ခိုက်မှုပုံစံတူ စစ်ရေးလေ့ကျင့်မှုတွေအတွင်း နျူကလီးယားထိပ်ဖူးတစ်ခု တပ်ဆင် ထားတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းက အမြင့် ၈၀၀ မီတာရှိ ပစ်မှတ်တစ်ခုကို မထိမှန်မီ မိုင် ၅၀၀ နီးပါးအထိ ရောက် ရှိခဲ့တယ်လို့ KCNA က ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကြောင့် မြောက်ကိုရီးယားစစ်တပ်ရဲ့ အမှန်တစ်ကယ် စစ်ပွဲဆင်နွှဲနိုင်တဲ့စွမ်းရည် တိုးတက်လာခဲ့ပေမယ့် ဒီလိုလေ့ကျင့်မှုတွေကတစ်ဆင့် နျူကလီးယား တန်ပြန်တိုက်ခိုက်မှုတွေ ချက်ချင်း လုပ် ဆောင်နိုင်ရေး ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
ကင်ဂျုံအန်က ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုမှာ သမီးဖြစ်သူနဲ့အတူ တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ တွေက ဖော်ပြပါတယ်။ မြောက်ကိုရီးယားဟာ မနေ့က အရှေ့ဘက်ပင်လယ်အတွင်း တာတိုပဲ့ထိန်းဒုံးကျည်တစ် စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ဂျပန်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အမျက်ဒေါသ ထွက်နေပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုတွေက ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်နေတာလို့ ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားရေတပ်နဲ့ ကမ်းတပ်တပ်ဖွဲ့တွေက ယနေ့မှ ဧပြီလ ၃ ရက်အထိ နှစ်ပတ် ကြာအောင် ငါးနှစ်အတွင်း အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်မယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေကို တိုက်ခိုက်ရေး စစ်တပ်ထဲဝင်ဖို့ စာရင်းပေးတဲ့ မြောက်ကိုရီး ယားနိုင်ငံသား ၁ ဒသမ ၄ သန်းအထိ ရှိလာခဲ့ပြီလို့ KNCA က ပြောပါတယ်။
ကိုးကား – Reuters
Ref; North Korea’s Kim calls for nuclear attack preparedness against US, South Korea