ဧရာဝတီတ်ိုင်းမ်
မတ်လ ၂၀ ရက်

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ယမန်နေ့ ညပိုင်းအချိန်က အမျိုးသား နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၁၉ ရက် ည ၇ နာရီအချိန်၌ သာကေတ၊ ၈ ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် နဝရတ်လမ်း ထောင့်ရှိ သာသနာ့ ရက္ခိတ ဓမ္မာရုံဘေးတွင် ဖွင့်ထားသည့် အအေးဆိုင်မှ ပိုင်ရှင် အပါအဝင် အမျိုးသား ၂ ဦးကို လက်နက် ကိုင်ဆောင်ထားသူများက လာရောက် ပစ်ခတ် သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

သာကေတ မြို့နယ် နေထိုင်သူ အမျိူးသား တစ်ဦးက“ညက စစ်ကားအသေးလေးပေါ်က လူနှစ်ယောက် အရပ်ဝတ်နဲ့ ဆင်းလာပြီး ပစ်သွားတာ။ ပစ်ပြီး အေးဆေးပဲ ပြန်ထွက်သွားတာ။ အတော်လေးကြာတော့မှ ရဲတွေ၊ စစ်သားတွေ ရောက်လာတာ။ အိမ်တွေကို ဧည့်စာရင်း ဝင်စစ်ကြဦးမယ် ထင်နေတာ။ အဲဒီညက မစစ်ဘူး။ ပစ်သွားတဲ့ သူတွေက လူမိုက်ခေါင်းဆောင် တင်လင်းထိုက် အဖွဲ့က လူလို့လည်း ဒီနားကလူတွေ ပြောနေကြတယ်။ သေချာတော့ မသိရ သေးဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

လာရောက် ပစ်ခတ်သူများသည် ဒဗယ်လ်ကက် ကားဖြင့် လာရောက်ကာ အရပ်ဝတ်များနှင့် ဖြစ်ကြောင်း၊ ယင်းတို့မှာ မဘသ အဖွဲ့ဝင်များဖြစ်ပြီး စစ်တပ်သို့ သတင်းပေး ပြုလုပ်နေသော လူမိုက်များဖြစ်သည့် သာကေတ လူမိုက် တင်လင်းထိုက်တို့ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အအေးဆိုင်ပိုင်ရှင် ကိုမောင်ဇော်နှင့် ကိုဖြိုးဝေအောင်တို့ နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်းတို့မှာ ရပ်ကွက်အတွင်း သာမန်လုပ်ကိုင် စားသောက်နေထိုင်သူများ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သတ်ဖြတ်သည်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လက်နက် ကိုင်ဆောင်ထားသည့် ပျူစောထီး အဖွဲ့ဝင်များက လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းကိုမူ ဒေသခံများက အခိုင်အမာ ပြောဆိုနေကြသည်။

သေဆုံးသူများနှင့် နီးစပ်သူ တစ်ဦးကလည်း“သူတို့ နှစ်ယောက်လုံးကို ရပ်ကွက်ထဲက လူတိုင်းသိပါတယ်။ အေးအေး ဆေးဆေး လုပ်ကိုင် စားသောက် နေထိုင်ကြသူတွေပါ။ NLD လက်ထက်တုန်းက ပါဝင်ခဲ့တာရော ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာတွေတော့ ရှိတာပေါ့။ အဲဒါကို မြို့နယ်က လူမိုက်တွေက ငြိုးနေတာကြာပြီ။ ပျူတစ်ယောက် အပစ်ခံရတာ သူတို့ လုပ်တယ်ထင်ပြီး ခြိမ်းခြောက်တာတွေ ခံရဖူးတယ်။ သာကေတမှာက လူမိုက်တွေက သေနတ်တွေနဲ့ သွားလာ ရမ်းကား နေတာပေါ့ဗျာ။ အခုတော့ အသတ်ခံလိုက်ရပါပြီ”ဟု ပြောဆိုသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီးနောက် အုပ်ချုပ်ရေးပိုင်း အပါအဝင် စစ်တပ် သတင်းပေး ကြံ့ခိုင်ရေး ပါတီဝင်များနှင့် ရပ်ကွက်အတွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူမိုက် တချို့ကို လက်နက် တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ကြားသိရသည်။

#ရန်ကုန် #သာကေတ #ပျူစောထီး #မဘသ #လူမိုက် #လူသတ်မှု
#Ayeyarwaddy_Times