ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ်လ ၂၀ ရက်
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအနီးတွင် မတ်လ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် ကရင်နီတပ်မဝောာ်အခြေပြုစခန်းအား စစ်ကောင်စီမှ ချဉ်းကပ်တိုက်ခိုက်ခဲ့ကြောင်း Karenni Military Information Center က ထုတ်ပြန်ထားသည်။
ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ် ခမရ(၅၁၃)နှင့် ကရင်နီပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ငါး ဦးသေဆုံး၍ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ဒီလ ၁၈ ရက်နေ့တိုက်ပွဲက လွိုင်ကော်နဲ့ဒီးမော့ဆို အရှေ့ခြမ်းက စစ်ကြောင်းထိုး လာတဲ့ တပ်နဲ့ သံလွင်အနောက်ခြမ်းဘက်မှာ တိုက်ပွဲဖြစ်တာ။ လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရမိခဲ့တယ်။ စစ်တပ်(စစ်ကောင်စီတပ်)က ၁၉ ရက်နေ့မှာ သံလွင်အရှေ့ခြမ်းက ကရင်နီ တပ်မတော် စခန်းကို ချဉ်းကပ်ပြီး ဒုတိယအကြိမ်လာတိုက်တာ။ သူတို့ဘက် ကအရာရှိက မိုင်းနင်းမိပြီးခြေထောက်ပြတ်လို့ ပြန်ဆုတ်သွားတယ်။ ကရင်နီ တပ်မတော်ဘက်က သူတို့ဆုတ်တဲ့အချိန် ဒရုန်းနဲ့လိုက်လံပစ်ခတ်ခဲ့တယ်” KnMIC ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အင်အား ၄၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မတ်လ ၁၉ ရက်နေ့တွင် ကရင်နီ တပ်မတော်အခြေပြုစခန်းအား ဒုတိယအကြိမ်ချဉ်းကပ်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိ တစ်ဦး မိုင်းနင်းမိ၍ခြေထောက်ပြတ်ခဲ့သည့်အတွက် ၆၀-မမ၊ ၁၂၀-မမ လက်နက်ကြီး များဖြင့်ပစ်ခတ်၍ ပြန်လည်ဆုတ်ခွာခဲ့ပြီး ကရင်နီတပ်မတော်မှ ဒရုန်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် မတ်လပထမအပါတ်မှ စတင်၍ အင်အားအများအပြားဖြင့် ကရင်နီဒေသကို စစ်ကြောင်းထိုးနေပြီး ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကြောင်း သုံး ကြောင်းဖြင့် စစ်ကြောင်းထိုးနေ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
ဓာတ်ပုံ – ဒီးမော့ဆိုတွင်သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ
#ကရင်နီ #ဒီးမော့ဆို #KA #စစ်ကြောင်းထိုး #တိုက်ပွဲ #စစ်ကောင်စီတပ် #၅ဦးသေ #လက်နက်ခဲယမ်း #Ayeyarwaddy_Times