နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်အုပ်ချုပ်ရေး တိုက်ရိုက်ကွပ်ကဲမှု ပေးထားသည့် စစ်ကောင်စီတပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတိုင်း၊ မုံရွာတပ်နယ်သို့ သွားရောက်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် တပ်တွင်း စည်ရုံးရေး ပြုလုပ်ခဲ့သလို ဖိအားနှင့်ခြိမ်းခြောက်မှုများ မရှိအောင်လည်း ဆောင်ရွက် ရမည်ဟု ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ကိုင်းတိုင်း၊ မုံရွာတပ်နယ်သို့ ယမန်နေ့ မတ်လ ၁၉ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် နယ်မြေကိစ္စရပ်များ ဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို အပြည့်အဝ အသုံးချရန်လိုပြီး စစ်ရေးစွမ်းရည် ထက်မြက်နေရန်အတွက် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရန် ပြောဆိုခဲ့သည်။

“တိုင်းပြည်တည်ငြိမ်ကြောင်းနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် သူတို့(စကစ) ပြင်ဆင်နေကြောင်း ဖော်ပြဖိုလိုတဲ့အချိန်မှာ မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက် ပြီးတော့အားပေးတာ ဖြစ်ပါတယ်။ တကယ်တော့ စစ်ကိုင်းတိုင်း တစ်ခုလုံးမှာ မြို့ပြအချို့က လွဲလို့ရှိရင် ပြည်သူ့အင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာပါ။ သူ(မအလ)ကတော့ ရဟတ်ယာဉ်နဲ့ သွားလို့ ရတာပေါ့ဗျာ။ ကျန်တဲ့စစ်သား(စစ်ကောင်စီတပ်သား)တွေကတော့ တပ်ထဲကတောင် တစ်ယောက်တည်း အပြင်မထွက်ရဲတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်က မည်သည့် လုပ်ငန်းကို ဆောင်ရွက် သည်ဖြစ်စေ ကြိုးစား အားထုတ်၍ ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်သဖြင့် ကြိုးစားအားထုတ် လုပ်ဆောင်တတ်သည့် “အား”ကို မွေးမြူဆောင်ရွက်ကြရန် လိုကြောင်းနှင့် တပ်တွင်းစည်းလုံးညီညွတ်မှု ရှိမှသာလျှင် တပ်အတွင်း၌ စုစည်း ညီညွတ်သည့် “အား” တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက် ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း စည်းရုံးခဲ့သည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးသည် အဓိကလိုအပ်သည့်အတွက် ၎င်းတို့အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မုံရွာတပ်နယ်သို့ ရောက်ရှိနေချိန်တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဓာတုလက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်ထားသည်။

#စစ်ကိုင်းတိုင်း #မုံရွာ #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ရွေးကောက်ပွဲ #တပ်တွင်းစည်းရုံး #ဓာတုလက်နက် #Ayeyarwaddy_Times