ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း မတရား ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁)(၂)၊ ရာဇသတ် ကြီးဥပဒေပုဒ်မ -၅၀၅(က)(ခ)တို့ဖြင့်တရားစွဲဆိုခံထားရသူများသည် စစ်ကောင်စီတပ်၏ တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်မှုကြောင့် အမှုကြန့်ကြာကာ နစ်နာမှုများရှိနေကြောင်း မိသားစုဝင်များထံက သိရသည်။

နှစ် နှစ်ကြာနီးပါး ရပ်တန့်နေခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ ဇူလိုင်လအတွင်းမှစ၍ တစစနှင့်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဖက်မှ ရခိုင် ဒေသခံများကို သံသယဖြင့် ဖမ်းဆီး မှုများပြုလုပ်ခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရသူများထဲမှ ဒေသခံအချို့မှာပြန်လည်လွတ်မြောက်လာသော်လည်း တချို့ကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာအမှုဖွင့်ထား၍ အမှုရင်ဆိုင် နေကြရပြီး လက်ရှိတွင် တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်မှုများလာသည့်အတွက် အမှုမပြီး ပြတ်နိုင်ဘဲ အချိန်ကြန့်ကြာနေရသဖြင့် အမြန်ဆုံးစစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော့် ညီအမှုမှာဆိုရင် တရားလိုဖက်က ရုံးချိန်းပျက်ကွက်တာ ၁၀ကြိမ် ရှိနေပြီ။ အမှုကဘာတစ်ခုမှကိုမစစ်ဆေးရသေးဘူး။ ရုံးချိန်းခေါ်တယ်၊ တရားလိုဖက်က မရောက်လို့ ပြန်ချိန်းတယ်နဲ့ပဲအချိန်ကုန်နေတာ။ ကြာလာတော့မိသားစုတွေကလည်း ရုံးချိန်းသွားရလာရတဲ့စရိတ်ရော၊ စားစရိတ်ရော အခက်အခဲဖြစ်လာတယ်။ ကျွန်တော့်ညီ အတွက်လည်းနစ်နာမှုရှိလာတယ်။ စစ်ဆေးစရာရှိရင်စစ်ဆေးပြီးလို့ ထောင်ချမယ်ဆို လည်းချပစ်လိုက်ပေါ့။ အခုဟာက အမှုဖွင့်ထားပြီး ဘာမှလည်း မလုပ်တော့ အချိန်တွေပဲ ကြာလာပြီ” ဟုမတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့်အမှုရင်ဆိုင် နေရ သည့် စစ်တွေဒေသခံ ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၏ အကိုဖြစ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဦးစိုးမိုးကျော်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က မင်းပြားမှစစ်တွေသို့ ကားဖြင့်ပြန်လာစဉ် ကျောက်တော်မြို့ရှိ စစ်ကောင်စီ၏ တပ်မစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ ကျောက်တော်မြို့နယ်၊တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

အလားတူ ကျောက်တော်မြို့၊ ကဝိရတနာကျောင်းမှစစ်ဘေးရှောင် ဦးကျော်ဟိန်းနှင့် ကျောက်တော်မြို့နယ်၊သရက်တပင်ကျေးရွာမှ ဦးမောင်စောသာတို့မှာလည်း တစ်ကျော့ ပြန်တိုက်ပွဲကာလအတွင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုရင်ဆိုင်နေရပြီး တရားလိုဖက်မှ ရုံးချိန်းပျက်ကွက် နေသည်မှာ ၁၂ ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ရုံးချိန်းကို တရားလိုမရောက်လို့ ခဏခဏ ထပ်ချိန်းရတယ်။ ကျွန်မယောကျာ်းက စစ်ကြောရေး ကာလကတည်းက ရိုက်နှက်ခံရတဲ့ဒဏ်တွေကြောင့် ဆေးကုသမှု တောင်ခံယူထားရတာ။ ပြီးတော့ အစာအိမ်လည်းသိပ်မကောင်းတော့ သူ့အတွက် စိတ်ပူရတာတစ်မျိူး။ နောက်ကျွန်မတို့က စစ်ဘေးရှောင်စခန်းမှာ နေရတဲ့သူတွေဆိုတော့ မိသားစုတွေ အခက်အခဲဖြစ်တယ်။ အခုတောင် သူ့ကိုထမင်းနေ့တိုင်း လာပို့ပေး နိုင်ဖို့အတွက် ကျွနမတယောက်တည်း မနည်းရုန်းကန်နေရတယ်။ သူသာအမြန်ဆုံး ပြန်လွတ်လာရင် မိသားစုအတွက်လည်း စိတ်ပူစရာမလိုတော့ဘူး။ ဒါကြောင့် အပြစ်ရှိရင် လည်းထောင်ချပစ်၊မရှိဘူးဆိုလည်းအမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု စစ်ဘေး ရှောင်စခန်းတွင်နေသည့် ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ မအေးသန်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုရင်ဆိုင်နေရသည့် မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟ၏ အမှုတွင်လည်း ယခင်က တရက် တစ်ကြိမ်ပုံမှန်ရုံးထုတ်လာခဲ့သော်လည်း လတ်တလောတွင် တရားသူကြီး အပြောင်း အလဲကြောင့် ရုံးထုတ်ချိန်နည်းပါးလာသလို ရုံးချိန်းပျက်ကွက်မှုများလည်း ရှိလာကြောင်း ဇနီးဖြစ်သူထံက သိရသည်။

“အရင် အမျိုးသမီးတရားသူကြီးလက်ထက်ကဆို အမှုအရင်ပြီးပြတ်အောင်ဆိုပြီး တစ်ရက်တစ်ကြိမ်ရုံးထုတ်ခဲ့တာရှိတယ်။ အခုအမျိုးသမီးတရားသူကြီးက မွေးဖွားခွင့် ယူထားတော့စစ်တွေက တရားသူကြီးရောက်လာတယ်။ ရုံးထုတ်ချိန်တွေလည်း နည်းလာတဲ့အပြင် တရားသူကြီးက မြို့ကနေတဆင့်လာရတာဆိုတော့ တစ်ခါတလေ မရောက်တာလည်းရှိတယ်။ ဒါကြောင့် အရင်ထက်စာရင် အမှုစစ်ဆေးတာတွေက ကြန့်ကြာလာနေတာတွေရှိပါတယ်” ဟုသတင်းထောက်ဟောင်း ကိုဖိုးသီဟ၏ဇနီး ဖြစ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းက စစ်ကောင်စီထံမတရား ဖမ်းဆီးခံထားရသူ များပြန်လည်လွတ်မြောက်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် AA တ်ု့ိုကြား ဂတိကဝတ်များရှိခဲ့သော်လည်း စစ်ကောင်စီဖက်မှ အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်းနှင့် AA အနေဖြင့်လည်း ထပ်မံကြိုးစားညှိ့နှိုင်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။

ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၅၀၅(က)(ခ)တို့ဖြင့်တရားစွဲဆိုခံထားရသည့် အရပ်သား စုစုပေါင်း ၅၀ ဦး ခန့်အထိရှိကြောင်း စုံစမ်းသိရသည်။

ဓာတ်ပုံ- မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့်အမှုရင်ဆိုင်နေရသည့် ဓာတ်ပုံဆရာတစ်ဦး
#ရခိုင်ပြည်နယ် #စစ်ကောင်စီတပ် #တရားလို #ရုံးချိန်းပျက်ကွက် #ဒေသခံများနစ်နာ #Ayeyarwaddy_Times