နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်) မတ်လ၂၀ရက်
ဧရာဝတီတိုင်း ၊ မအူပင်မြို့ စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနတွင် ထောင်အတွင်း စိတ်ကြွဆေးပြားများ (WY) သွင်းယူပေးနေသည့် အကျဥ်းဦးစီးဝန်ထမ်း တစ်ဦးကို ထောင်အတွင်း တပ်ဆင်ထားသည့် စီစီတီဗွီ (CCTV) မှတဆင့် ဖမ်းဆီးရမိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ ထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က အကျဥ်းဦးစီးဝန်ထမ်း တပ်သား ကျော်ထက်သည် စိတ်ကြွဆေးပြား (WY) ၅၀ ပြားအား ထောင်အတွင်းသို့ ယူဆောင်လာသည်ကို CCTV မှတဆင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆေးပြားယူလာသူအား ခေါ်ယူစစ်ဆေးရာတွင် အကျဥ်းဦးစီးဝန်ထမ်း တပ်ကြပ်တစ်ဦးနှင့် တပ်သား ၆ ဦးလည်းပါဝင် ပတ်သတ်နေကြောင်း ထွက်ဆိုခဲ့ပြီး အကျဥ်းထောင် အတွင်းတွင် အကျဥ်းဦးစီးဝန်ထမ်းများကိုယ်တိုင် WY စိတ်ကြွဆေးပြားများ သုံးစွဲခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ ဖြစ်ပေါ်နေကြောင်း အကျဥ်းဦးစီး ဌာနနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောကြားသည်။
မအူပင်မြို့ အကျဥ်းထောင်အတွင်း အကျဥ်းဦးစီး ဝန်ထမ်းများကိုယ်တိုင် စိတ်ကြွ ဆေးပြား များကို ရောင်းဝယ် သုံးစွဲမှုများ လုပ်ဆောင်နေသော်လည်း ထောင်အာဏာ ပိုင်များက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းမရှိဘဲ ဆေးပြားသက်သေနှင့် တကွ ဖမ်းဆီးရရှိသည့် သတင်းကိုပင် ထိမ်ချန်ထားကြောင်း မအူပင်အကျဥ်း ထောင်နှင့် နီးစပ်သူများက ဆိုသည်။
#ဧရာ၀တီတိုင်း #မအူပင်မြို့အကျဉ်းထောင် #စိတ်ကြွဆေးပြား #ထောင်ဝန်ထမ်း #Ayeyarwaddy_Times