ဧရာဝတီတိုင်းမ်
မတ်လ ၂၀ ရက်
အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့အချို့ဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာ ဒေသအတွင်းက သစ်တောတွေကို မတ်လ ၁၉ ရက်နေ့က PDF တွေကို စစ်ကြောင်းထိုးရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“၁၉ ရက်နေ့ထဲက နေ့လည်ပိုင်းမှာ PDFတွေရှိတယ်ဆိုပြီး တောနင်းဖို့ ချောင်းသာဘက်က စက်လှေတွေနဲ့ကူးလာကြတာ။ ကံကြီးကျေးရွာအုပ်စုကနေဂွေးချိုရွာဘက်ကို တောထဲ၀င်သွားတယ် အင်အားကတော့ ၃၀ ကျော်လောက်ရှိမယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ၃ရက်နေ့က ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် အပါအ၀င်ဒေသခံ ၃ ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဓါးပြတိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ခုလို စစ်ကောင်စီတပ်သားများထပ်မံရောက်ရှိလာတာကြောင့် ဒေသခံတွေကစိုးရိမ်မှုတွေရှိနေကြပါတယ်။
“မနက်အစောကြီးလက်နက်တွေကိုင်ထားတယ် ဓါးပြ၀င်တိုက်တဲ့လူတွေစကားပြောတဲ့အသံတွေက ဒီဘက်ဒေသကလူတွေမဟုတ်ဘူး၊ သိန်း ၁၀၀ ကျော် ပါသွားတာ ခုထိလဲမမိဘူး၊ သူတို့ဘက်ကတော့ PDF တွေ လုပ်တာဆိုပြီးပြောနေတယ် ဒေသခံတွေကတော့ စစ်ကောင်စီတပ်က လူတွေလို့ ပြောတယ်၊ မပြောရဲလို့သာငြိမ်နေရတာ ဓါးပြတိုက်ခံရတဲ့ အုပ်ချုပ်ရေးမှူးကိုလည်း ဖြုတ်ပြီးအသစ်ခန့်လိုက်တယ် ခုလဲ ဘာဒုက္ခပေးအုန်းမလည်းမသိဘူး”လို့ ချောင်းသာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်နဲ့ စစ်ကိုင်းဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတာကြောင့် အဲ့ဘက်ကို ရှေ့တန်းထွက်ရမှာကြောက်တာကြောင့် ခုလို ဧရာ၀တီတိုင်းအတွင်းက သစ်တောတွေမှာ PDF စခန်းတွေရှိတယ်ဆိုပြီး ဟန်ဆောင်ကာ စစ်ကြောင်းထိုးပြနေတာလို့ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်လမ်းသစ်တောတွေအတွင်းမှာ စစ်ကောင်စီက လစဥ်လတိုင်း တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#ချောင်းသာ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။