ဧရာဝတီတ်ိုင်းမ်
မတ်လ ၁၉ ရက်
ရခိုင်က အင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)အနေဖြင့် စစ်ကောင်စီက အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
ရခိုင်ကမြို့နယ်တစ်ချို့တွင် အမျိုးသားနိုင်ငံရေးအားနည်းနေသည့်အတွက် အားကောင်းအောင်ဆောင်ရွက်ရန်၊ အမျိုးသားနိုင်ငံရေးအားကောင်းပြီးသားဒေသများအား ပိုမိုအားကောင်းစေရန်၊ နိုင်ငံရေးအရ ပြောဆိုမှုများလုပ်ဆောင်နိုင်ရန် စသည့်အချက်များကြောင့် မှတ်ပုံတင်မည့်ကိစ္စကို ယမန်နေ့ (မတ်လ ၁၈ရက်နေ့)ကပြုလုပ်သည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု
ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ဧရာဝတီတိုင်းမ်သို့ပြောသည်။
” ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ ရခိုင်မျိုးနွယ်စုဝင်လူမျိုးတွေ အနာဂတ်ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံရေးအရ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်မှု၊ဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ယူဆတယ်။နောက်တစ်ခုက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ညီနောင်တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေနဲ့လည်း စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့လည်းသုံးသပ်မိတယ်။အဲ့လိုဆက်စပ်လုပ်ကိုင်နိုင်ဖို့အတွက်လည်း ရခိုင်လူမျိုးအနေနဲ့နိုင်ငံရေး ပါတီတရပ်လိုအပ်တယ်။ဒါကြောင့် မှတ်ပုံပြန်တင်ဖြစ်တာပါ” ဟု ၄င်းကပြောသည်။
ANP ပါတီအနေဖြင့် ယခင်က ပြည်ထောင်စုတစ်ဝန်းလုံးကိုစည်းရုံးနိုင်ခဲ့သော်လည်း လက်ရှိစစ်ကောင်စီကအသစ်ပြဌာန်းလိုက်သည့်ဥပဒေသစ်ကြောင့် ပြည်ထောင်စုအဆင့်မှတ်ပုံတင်ရန် အခက် အခဲများစွာရှိနေသည့်အတွက် ပြည်နည်အဆင့်သာ
မှတ်ပုံတင်သွားမည်ဟုလည်း ၄င်းကဆက်လက်ပြောဆိုသည်။
” ပြည်ထောင်စုအဆင့်မတင်နိုင်ခဲ့ပေမဲ့ ရခိုင်လူမျိုးနဲ့ရခိုင်ပြည်ကို ကိုယ်စားပြုတဲ့ပါတီတစ်ရပ်လိုအပ်တဲ့အတွက် ရခိုင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုအဖြစ်မှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်တာပါ။စစ်ကောင်စီက ကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ချင်လို့မဟုတ်သလို ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ကျနော်တို့ဘာမှဆွေးနွေးထားတာမရှိသေးဘူး။ရွေးကောက်ပွဲ ဖြစ်၊မဖြစ်ကိုလည်း ကျနော်တို့မသိရသေးဘူး” ဟု ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ဆက်ပြောသည်။
လက်ရှိရခိုင်တွင် စစ်ကောင်စီကအသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ(ANP)၊ရခိုင့်ဦးဆောင်ပါတီ(AFP)၊ခမီအမျိုးသားပါတီနှင့် မြိုတိုင်းရင်းသားပါတီတို့ဖြစ်ကြသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီမှာ ပါတီ၏မူဝါဒအရ စစ်ကောင်စီနှင့်မပူးပေါင်းဟု တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ကမန်အမျိုးသားပါတီနှင့် ဒိုင်းနက်အမျိုးသားပါတီတ်ို့မှာလည်း ဥပဒေအသစ်တွင်ပါရှိသည့်အချက်များကြောင့် ပါတီဆက်လက်ရပ်တည်ရန်အဆင်မပြေတော့သဖြင့် မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားကြောင်းသိရသည်။
” အရင်တုန်းကလည်း သူတို့ဆီမှာတရားဝင်မှတ်ပုံတင်ထားပြီးသားပဲလေ။အလကားတင်ထားတာမှမဟုတ်တာ။ဒါက်ို သိန်း ၁၀၀ နဲ့ထပ်တင်ရမယ်ဆိုတော့ ပါတီငယ်တွေအနေနဲ့ဘယ်လိုအဆင်ပြေမလဲ။ဒီဥပဒေက ကျနော့်အမြင်ပြောရရင် ကျနော်တို့ မျိုးနွယ်စုတွေကို နိုင်ငံရေးအခင်းအကျင်းထဲမှာလုံးဝမရှိနိုင်တော့အောင် ပထုတ်တဲ့သဘောပေါ့။ကျနော်တို့လည်း အစကတည်းကနေ ရွေးကောက်ပွဲကိုစိတ်ဝင်စားလွန်းလို့တင်ချင်ခဲ့တာတော့မဟုတ်ပါဘူး။ပြိုင်ရင်လည်း ကျနော်တို့လူနည်းစုပါတီငယ်တွေက တကြိမ်မှနိုင်ခဲ့တာမရှိဘူး။အခုပြိုင်လည်းမနိုင်ဘူးဆိုတာသိတယ်။ဒါပေမဲ့ က်ိုယ်တွေက လူနည်းစုတိုင်းရင်းသားတွေမို့ တန်းတူပြောရေးဆိုခွင့်ရနိုင်အောင်လို့ နိုင်ငံရေးထဲဝင်ချင်ခဲ့တာ။အခု မှတ်ပုံမတင်နိုင်ဘူးဆိုတော့ သူတို့ဥပဒေမှာပါတဲ့အတိုင်းပဲ ဒီပါတီက အလိုလိုဖျက်သိမ်းပြီးသားဖြစ်သွားမှာပေါ့”
ဟု ဒိုင်းနက်အမျိုးသားပါတီဥက္ကဌ ဦးအောင်ကျော်ဇော်ကပြောသည်။
စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသစ်ပြဌာန်းလိုက်သည့် ဥပဒေအရ မှတ်ပုံတင်ထားသည့်ပါတီများသာလျှင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ထိုသို့မှတ်ပုံတင်ရာတွင်လည်း ပြည်ထောင်စုအဆင့်ဝင်ပြိုင်မည့်ပါတီများမှာ မြို့နယ်တဝက်ခန့်၌ ရုံးခန်းဖွင့်ရန်နှင့်ပါတီရန်ပုံငွေ သိန်း ၁၀၀၀ ရှိရမည်ဖြစ်ပြီး ပြည်နယ်အဆင့်ဝင်ပြိုင်မည့်ပါတီများမှာ ပါတီရန်ပုံငွေ သိန်း၁၀၀နှင့်အတူ မြို့နယ် ၅ခု၌ ရုံးခန်းဖွင့်လှစ်နိုင်ရမည်ဟုပါရှိသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေသစ်ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ကပြဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများမှာလည်း လာမည့် ဧပြီလ ၁ ရက်နေ့ကို နောက်ဆုံးထားကာ
မှတ်ပုံတင်ကြရမည်ဖြစ်သည်။
ဓာတ်ပုံ – Frontier Myanmar
#ရခိုင် #ရခိုင်အမျိုးသားပါတီ #ANP #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။