ဧရာဝတီတိုင်းမ်
မတ်လ ၁၉ ရက်
မြန်မာနိုင်ငံဟာ ကျရှုံးတဲ့တိုင်းပြည်တစ်ခု ဖြစ်လာနေပြီး မြန်မာ့အရေးဟာ အခြေအနေပိုဆိုးလာတာ ကြောင့် ယူကရိန်းကျူးကျော်စစ်ပွဲမှာ လုပ်ဆောင်ခဲ့သလို တူညီတဲ့ စိတ်ပိုင်းဖြတ်မှု ချမှတ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
“ယူကရိန်းပြည်သူတွေကို သတ်ဖြတ်နေတဲ့ တူညီသော လက်နက်အမျိုးအစားတွေနဲ့ မြန်မာပြည်သူတွေ ကို သတ်ဖြတ်နေပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ရုရှားနိုင်ငံက စစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့နေပါ တယ်” လို့ သောမတ်အန်ဒရူးက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တရုတ်နဲ့ရုရှားထံမှ တိုက်လေယာဉ်တွေကို ကြီးမားစွာ အားထားနေရပြီး အ တိုက်အခံတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာရဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် တုံ့ပြန်မှုက မလုံလောက်သေးဘဲ ကမ္ဘာ့နိုင်ငံအချို့က စစ် ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် ကူညီနေတာကြောင့် လက်နက်တင်ပို့မှု ပိတ်ပင်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။
“မြန်မာစစ်တပ်က မြေပြင်မှာ ထိုးစစ်ဆင်ဖို့ အန္တရာယ်ရှိတာကြောင့် ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေ အသုံးပြုပြီး ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာပါ တယ်” လို့ အန်ဒရူးက ထောက်ပြပါတယ်။
မြန်မာစစ်တပ်ကတော့ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်ခြင်းမရှိဘူးလို့ ယခင်က ငြင်းဆန်ခဲ့ပြီး စစ်ဆင်ရေးတွေက အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာတွေ ပြုလုပ်ခဲ့ပေမယ့် ပိုမို ညှိနှိုင်းဆောင်ရွက်မှု လိုအပ်တယ်လို့ သောမတ်အန်ဒရူးက ပြောပါတယ်။
လက်နက်တင်ပို့မှု ပိတ်ပင်တာ၊ စစ်တပ်ထံ လေယာဉ်ဆီမရောက်ရှိအောင် အစီအမံတွေ ချမှတ်ဆောင် ရွက်ဖို့ သူက တိုက်တွန်းလိုက်ပြီး “တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်တွေပေးပို့ဖို့ အကြံမပြုပေမယ့် စစ် ကောင်စီထံ လက်နက်နဲ့ အရင်းအမြစ်တွေ မရောက်ရှိအောင် အစီအမံတွေ လုပ်ဆောင်ရမယ်” လို့ သူက ပြောပါ တယ်။
နိုင်ငံတကာက ယူကရိန်းကို ကူညီသလိုမျိုး မြန်မာနိုင်ငံကို ဘာကြောင့် မကူညီသလဲလို့ ပြည်သူတွေက မေးမြန်းခဲ့တယ်လို့ သောမတ်အန်ဒရူးက ဖြည့်စွက်ပြောပါတယ်။
ကိုးကား – The Guardian
Ref; Myanmar is a failing state, led by a junta fuelled by Russian arms, says UN rights envoy