စစ်ဘေးရှောင်စခန်းတွေမှာ ကြုံတွေ့ရတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အစာ အဆိပ်သင့်ခြင်းတို့ကို ရင်ဆိုင်ဖြေရှင်းခြင်း
ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ် ၊ မတ်လ ၁၉ ရက်)
စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက်ရိက္ခာ နဲ့ သောက်သုံးရေရှားပါးတာတွေ ကို မလွဲမသွေ ကြုံတွေ့ရတတ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ နေ့စဉ် ပုံမှန် စားသောက်နေရတဲ့ အစားအစာထက် အသက်ရှင်ရေး ကိုသာဦးစားပေးပြီး ဖြစ်သလို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းအန္တရာယ်ကိုလည်း သတိကြီးကြီးထားပြီး အမြဲကြိုတင်ပြင်ဆင် ထားရပါတယ်။ ရွာတွေ၊ စာသင် ကျောင်းတွေ၊ ဆေးပေးခန်းတွေ နဲ့ ဘာသာရေးအဆောက်အအုံတွေပါ မချန် မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း စစ်ရှောင်ပြည်သူတွေက ခါးသည်းစွာခံစားနေရပါတယ်။
အိမ်ယာလယ်မြေအပါအဝင် ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးထားရတဲ့ စစ်ဘေး ရှောင်ပြည်သူတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလို့သာ နေပါတယ်။ ပိုပိုများလာတဲ့ စစ်ရှောင်ဒုက္ခသည်တွေကြားမှာ ဝမ်းပျက်ဝမ်းလျှောခြင်းလို ကူးစက်ရောဂါတွေ ၊ အရေပြားရောဂါလို ပြဿနာတွေ သာမကဘဲ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေကိုပါ ကြုံတွေ့ ခံစား နေရပါတယ်။
ဝမ်းပျက်ဝမ်းလျှောခြင်း
အစားအစာနဲ့ရေမှာ ဘက်တီးရီးယားပိုး (Bacteria) ၊ ဗိုင်းရပ်စ် (Virus) ၊ ကပ်ပါးကောင် (Parasite) နဲ့ အဆိပ်အတောက်တွေပါလာတတ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားပါတယ်။ ဒါကြောင့် အစားအစာ နဲ့ ရေကို သန့်ရှင်းစေဖို့အဓိက ပြင်ဆင် ရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း စနစ်တကျ လုပ်ပေးဖို့ လိုအပ်ပါတယ်။
ဘာမဆို ကိုင်တွယ်နေတဲ့ လက်တွေမှာ ရောဂါဖြစ်စေတဲ့ အရာတွေ ကပ်ပါလာခဲ့ရင် လက်ကနေတဆင့် အစားအသောက်တွေဆီကို ရောဂါထိကပ်ပါဝင်သွားနိုင်ပါတယ်။ အဲ့ဒီလို ထိကပ်ပါဝင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ရောဂါပိုးတွေ ဝင်ရောက်သွားပြီ ဆိုရင်တော့ ဗိုက်နာတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အစာအဆိပ်သင့်တာ တွေ ဖြစ်တတ်ကြပါတယ်။
ဝမ်းအကြိမ်ရေ သုံးကြိမ်ထက်ပိုပြီး များများသွားရင် ၊ ဝမ်းက အတုံးအခဲ မဟုတ်တော့ဘဲ ခပ်ပျော့ပျော့ဝမ်းတွေ ဝမ်းအရည်တွေသွားနေပြီဆိုရင် ဝမ်းပျက်ဝမ်းလျှောတယ် လို့ ပြောလို့ရပါတယ်။
ဝမ်းပျက်ဝမ်းလျှောပြီဆိုဘာတွေဖြစ်လာတတ်ပါသလဲ..?
ဗိုက်တစ်ခုလုံးနာပြီး လေပွလေထိုးသလိုနဲ့ ပျို့အန်ချင်တာ၊ ဝမ်းမထိန်းနိုင်ဘဲ ဝမ်းသွားချင်စိတ် ခဏခဏပေါ်တာမျိုး ဖြစ်လာတဲ့အခါ ၊ ဝမ်းသွားအကြိမ်ရေ များသည်ထက်များ လာတဲ့အခါ ၊ အရည်ဝမ်းတွေတရစပ်သွားတဲ့အခါ ၊ ဝမ်းပျက်တာ နှစ်ရက် ဖြစ်လာပြီး မသက်သာတဲ့အခါ၊ ပင်ပန်းနုံးချိကာ ရေဓါတ်ခမ်းခြောက်ပြီး ဆားဓါတ်လျော့နည်း ပျော့ခွေတဲ့အခါ၊ ဝမ်းမည်းမည်းတွေ နဲ့ သွေးဝမ်းတွေ သွားတဲ့အခါ၊
စအိုဝန်းကျင် နာကျင်ကိုက်ခဲတဲ့အခါ အဖျားတက်လာတဲ့အခါမျိုး ကြုံနေရပြီဆို အရေးကြီးပါပြီ။ ဆရာဝန်နဲ့ မဖြစ်မနေ ပြသတိုင်ပင် ရပါမယ်။
သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကူးစက်ကာလဝမ်းရောဂါ၊ ၁၄ရက် ကျော်လာတဲ့အထိ မသက်သာတဲ့ နာတာရှည်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းထဲမှာ သွေး နဲ့ ချွဲ တွေပါလာတဲ့ ဝမ်းကိုက်ရောဂါဆိုပြီး အမျိုးမျိုးရှိတာမို့ သေချာ စစ်ဆေးကုသရပါမယ်။
ဝမ်းလျှောတာဘယ်လိုကုရမလဲ..?
ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် သေသေချာချာဂရုစိုက်ရပါမယ်။ ကလေးငယ်တွေ ဖြစ်ရင် ဆရာဝန်နဲ့ မဖြစ်မနေကိုပြသရပါမယ်။ ငါးနှစ်အောက် ကလေးတွေ သေဆုံးရခြင်းရဲ့ ရောဂါစဉ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါက ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှော တာဟာ အာဟာရချို့တဲ့မှုကို ဖြစ်စေတဲ့ အဓိကတရားခံလည်း ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်လို့ရသလို ကုသလို့လည်း ရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါကိုကာကွယ်ခြင်း
ကာကွယ်ရမယ့်နည်းလမ်းတွေက သောက်ရေ သန့်ရပါမယ်။ ပိုးမွှား အဆိပ် အတောက်ကင်းစင်တဲ့ ရေမျိုးဖြစ်ရပါမယ်။ စစ်ဘေးရှောင်စခန်းတွေမှာတော့ ရေကို ကျိုချက်သန့်စင်တာ၊ ကလိုရင်းကိုမှန်ကန်တဲ့ အချိုးအဆခတ်ပြီး ပိုးသန့်စေတာ၊ အလွှာများစွာပါဝင်တဲ့ ရေစစ်ကိရိယာတွေသုံးပြီး သန့်စင်တာ၊ UV-light လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဖြတ်စေပြီး ရေကိုပိုးသန့်စေတာ တွေကို အလွယ်တကူ လုပ်လို့ ရနေပါပြီ။ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေလည်း ကူညီနေကြပါတယ်။ အခုပြောပြတဲ့ နည်းလမ်း တွေနဲ့ ရေကို သန့်စင်ပြီးမှ သောက်သုံးရပါမယ်။
လူအများအတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်တဲ့လုပ်ငန်းစဉ်တိုင်းမှာ သန့်ရှင်း ဖို့က အလွန်ကိုအရေးကြီးပါတယ်။
ပန်းကန်ခွက်ယောက်တွေ သန့်ရှင်းပြီးရောဂါပိုးမွှား အဆိပ်အတောက်ကင်းဖို့ သေချာပြင်ဆင်ရပါမယ်။ ကုန်နိုင်တဲ့ပမာဏကိုပဲ ပြင်ဆင် ချက်ပြုတ်ရပါမယ်။ ရောဂါပိုးမွှားတွေဟာ ထမင်းဟင်းတွေပေါ်မှာ နေရာယူ ဝင်ရောက်ပြီး ပေါက်ဖွားကြပါတယ်။ ဒါကြောင့် သိုလှောင်ထိန်းသိမ်းချိန် ကြာကြာ မထားဘဲ ပူနေစဉ် လတ်လတ်ဆတ်ဆတ်ရှိနေစဉ်မှာ အမြန်ဆုံး စားဖို့ စီမံရပါမယ်။ စားသောက်စရာတွေ အလေ အလွင့်နည်းအောင် ပြင်ဆင်ပါ။
စွန့်ပစ်စားကြွင်း စားကျန်တွေ မှာ ကြွက်၊ ခြင်၊ ယင် အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေပေါ်လာနိုင်တာကြောင့် မြေမြုပ်စွန့်ပစ်ခြင်းလို နည်းလမ်းတွေ သုံးရပါမယ်။
ယင်ကောင်ကနေတစ်ဆင့် ဝမ်းရောဂါပိုးတွေ ကူးစက်ပြန့်ပွားနိုင်တာကြောင့် “စားစရာ တွေ ယင်မနားစေဖို့ ၊ ယင်လုံအိမ်သာတွေ ပြင်ဆင်ထားကြဖို့” ဆိုတဲ့ အချက်တွေက အရေးကြီးတဲ့ ကြိုတင်ကာကွယ်မှုတွေပဲ ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောခံစားရပြီဆို အဲ့ဒီ လူနာတွေကို နေရာသီးသန့် ခွဲထုတ်ပြီး ကုသ ရပါမယ်။ သူတို့ရဲ့ ကျန်းမာရေးအတွက် “သန့်လေးသန့်” လို့ ခေါ်တဲ့ ရေသန့် ၊ အစာသန့် ၊ လက်သန့်၊ အိမ်သာသန့်ဖို့ကို အထူးကြပ်မတ် ဂရုစိုက်ပါမှ လူနာတွေရော လူကောင်းတွေပါ ကျန်းမာကြမှာဖြစ်ပါတယ်။ ကူးစက်အသွင်ဖြစ်ရင်တော့ မြွေပူရာ ကင်းမှောက်ဆိုသလို စစ်ဒဏ်အပြင် ရောဂါဒဏ်ကြောင့်ပါ ဒုက္ခတွေနင့်အောင် ကြုံတွေ့ခံစားရမှာပါ။
မရှိမဖြစ် ဓာတ်ဆားရည်
ကုသမှုအနေနဲ့ အရေးအကြီးဆုံးနဲ့ မရှိမဖြစ်က ဓာတ်ဆားရည်ပဲဖြစ်ပါတယ်။ ဓာတ်ဆားရေနဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းရပါမယ်။ အရည်မသောက်နိုင်ဘဲ ဆိုးဆိုးဝါးဝါး ရေဓာတ် ခမ်းခြောက်နေပါက ဆေးရည်ချိတ် အကြောဆေးရည်သွင်းပြီး ကုသရမှာပါ။
အူလမ်းကြောင်းအတွက်အကျိုးပြု ဘက်တီရီးယား တွေပါတဲ့ ပရိုဘိုင်အိုတစ် (Probiotics) ၊ သွပ်ဓာတ် (Zinc) ၊ ဓာတ်စာလို Supplement တွေအပြင် တကယ်လိုအပ်လာပါက ပိုးသတ်ဆေးကို ချင့်ချိန်ပေးပြီး ကုသရမှာပါ။
ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်တစ်ထုပ်ကို အညွှန်းထဲကအတိုင်းဖျော်ရပါမယ်။
ဓာတ်ဆားမဖျော်ခင် လက်ကိုစင်ကြယ်အောင်ဆေးပါ။ ရေသန့်သန့် တစ်လီတာ နဲ့ ဓာတ်ဆားတစ်ထုပ်ဖျော်ရပါမယ်။
ဓာတ်ဆားထုတ်မရှိတော့တဲ့အခါ ဓာတ်ဆားအမှုန့်မရနိုင်တဲ့အခါမှာ လက်ဖက်ရည် ဇွန်းအသေးနဲ့သကြား ခြောက် ဇွန်း ၊ ဆား ဇွန်းတစ်ဝက် တို့ကို ရေတစ်လီတာ နဲ့ ရောစပ်ပြီး ဖျော်ပေးရမှာပါ။ ရေသန့် ဒါမှမဟုတ် ကျိုချက်ပြီး အအေးခံထားတဲ့ သန့်ရှင်းသောရေ ကိုအသုံးပြုရပါမယ်။
အစာအဆိပ်သင့်ခြင်း
အစာအဆိပ်သင့်ခြင်း ဆိုတာ တူညီတဲ့အစားတစ်ခုကို အတူတူစားကြပြီး အစုလိုက် အပြုံလိုက် ပုံစံတူ ၊ ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ကြုံရတာဖြစ်ပါတယ်။
မူးဝေတာ၊ အော့အန် တာ၊ ဗိုက်ရစ်ပြီးနာတာ၊ ဝမ်းပျက် အစားပျက်တာ ၊ ကိုယ်ပူ ဖျားနာပြီး အားနည်းခေါင်းကိုက် တာတွေကနေ အမြင်ဝေဝါးပြီး သတိလစ်တာတွေ အပါအဝင် အသက်သေဆုံးတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစား အသောက် သန့်ရှင်းဖို့ အန္တရာယ်ကင်းဖို့က သိပ်ကို အရေးကြီးပါတယ်။
ရေဓာတ်ဖြည့်ပေးဖို့ အအန်ပျောက်ဆေးပေး ကုသခြင်းလို ကုသမှုတွေလည်း လိုအပ် လာမှာပါ။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် ဆရာဝန်အပါအဝင် ကျန်းမာရေးစောင့်ရှောက်ပေးသူတွေဘက်ကနေ ကြိုတင်ပညာပေးခြင်း နဲ့ ကုသဖို့အတွက် လိုအပ်လာမယ့် ပြင်ဆင်ခြင်းကို စဉ်းစားထားရမှာဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေကြတဲ့ ဘဝတူ စစ်ဘေးရှောင်ဆရာဝန် သူနာပြု တွေရဲ့ မှာကြားချက်တွေကို လိုက်နာကူညီ ပူပေါင်းပါဝင်ပြီး အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
အစားအစာကြောင့်ကျန်းမာရေးမထိခိုက်စေဖို့
အစားအစာများကို မကိုင်တွယ်မီ၊ ပြင်ဆင်ချက်ပြုတ်နေစဉ်နှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။ အသားစိမ်း၊ ငါးစိမ်းများကို သီးခြား ပြင်ဆင်၊ လှီးဖြတ်ပါ။ သီးခြား ထုပ်ပိုး၊ သိမ်းဆည်းပါ။ ချက်ပြုတ်တဲ့အခါမှာလည်း သန့်ရှင်းတဲ့ရေနဲ့ လတ်ဆတ်တဲ့ အသားစိမ်း၊ ငါးစိမ်းတွေကို အသုံးပြုပါ။
လက်နှီးစုတ်၊ စဉ်းတီတုံးအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများကို သေချာစွာ ဆေးကြောပြီးမှ အသုံးပြုပါ။ အစားအစာတွေကို ကျက်အောင် သေချာစွာ ချက်ပြုတ်ပါ။ သေချာစွာ ပြန်နွေးပါ။
သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာစွာ ဆေးကြောပြီးမှ စားသုံးပါ။
မီးဖိုချောင်နှင့် အစားအစာများဆီသို့ ယင်၊ ကြွက်၊ ပိုးဟပ်နှင့် အခြားတိရစ္ဆာန်များ မလာစေအောင် ဂရုပြုပါ။ ချက်ပြုတ်ပြီးတဲ့ အစားအစာတွေကို အခန်းထဲမှာ ၂ နာရီထက် ပိုမထားရပါဘူး။ အပူချိန် 5°C နဲ့ 60°C ကြားမှာရှိတဲ့ အစားအစာတွေဟာ ရောဂါပိုးမွှားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။
သက်တမ်းလွန်တဲ့ အစားအစာတွေကို မစားသုံးဖို့ ဆိုတဲ့ ထုတ်ပြန်ချက်တွေကို NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာန က ပညာပေးလျက် ရှိတာမို့ အခါအားလျော်စွာ ဝင်ရောက်ကြည့်ရှု့ သင့်ပါတယ်။
နောက်တစ်ပတ်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေအကြား ဖြစ်တတ်တဲ့ အရေပြားယားနာခြင်း အကြောင်းအရာနဲ့ သက်ဆိုင်ရာတွေကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။မြန်မာပြည်သူများအားလုံး ဒုက္ခတွေ အဆုံးသတ်ပြီး ခွင့်တူညီမျှ ဖက်ဒရယ် ဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာဝေမျှလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဝမ်းပျက်ဝမ်းလျှောခြင်း #အစာအဆိပ်သင့်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)