ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၈ ရက်
ချင်းပြည်နယ် ၊ ကျောက်ထုမြို့၊ အမြောက်တပ်မှ မင်းတပ်မြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းစစ်ဆင်ရေးအပါအဝင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား သေဆုံးမှု များပြား နိုင်ကြောင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ယမန်နေ့ မတ်လ ၁၇ ရက်နေ့က မင်းတပ်မြို့၊ (၂၇၄) တပ်ရင်းသို့ ဝင်ရောက်ခဲ့ပြီး မင်းတပ်မြို့တွင် လုံခြုံရေးတင်းကျပ်ကာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ကျောက်ထုမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံက သိရသည်။
“ကျောက်ထုကနေ တက်လာတုန်းက မိုင်းတွေမိတယ်။ လမ်းဘေးဝဲယာတစ်လျှောက် လက်နက်ကြီးတွေ ရမ်းပစ်ခတ်တယ်။ သူတို့ (စစ်ကောင်စီတပ်)ကသေနတ်တွေ ဖောက်ပြီး မင်းတပ်မြို့ကို တက်လာတာပါ။ သေဆုံးဒဏ်ရာရရှိမှု အခြေအနေကတော့ မသိရသေးဘူး။ ဒီနေ့မနက်မှာ ကျောက်ထုမြို့ကို ပြန်ဆင်းသွားပြီ” ဟု ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့သို့ တက်လာသော စစ်ကောင်စီယာဥ်တန်း ၃၅ စီးသည် ကျောက်ထုမြို့၊ အမြောက်တပ်မှ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ယောဒေသကာကွယ်ရေးတပ်နှင့် CDF-မင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများပြားကာ စစ်ကောင်စီ၏ ယာဥ်တချို့ ထိခိုက်ပျက်စီးကြောင်း သိရသည်။
ဓာတ်ပုံ – ပုံအဟောင်းအားအသုံးပြုထားပါသည်။(ပုံအဟောင်းအားအသုံးပြုထားပါသည်။၂၀၂၂ ခုနှစ်အတွင်း မင်းတပ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား ဝေဟင်မှ မြင်တွေ့ရစဥ်။)
#ချင်းပြည်နယ် #မင်းတပ်မြို့ #စစ်ကောင်စီယာဥ်တန်း #တိုက်ခိုက်ခံရ #သေဆုံးမှုများ #Ayeyarwaddy_Times