နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်လို အပ်ချက်ရှိနေသည့် ရုရှားကို လက်နက်ခဲယမ်းနှင့် စပ်ဆက်ပစ္စည်းများ ထုတ်ရောင်းနိုင်ကြောင်း မြန်မာစစ်ဘက်ဆိုင်ရာ သတင်းများအရ သိရှိရသည်။

လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသော ရုရှားသည် မြန်မာအပါအဝင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံတို့မှ လက်နက်ခဲယမ်းဝယ်ယူရန် ကမ်းလှမ်းဆွေးနွေးနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗာဒင်စကီ ဘစ်စကီးက ယမန်နေ့ မတ် ၁၇ ရက်က ထုတ်ပြန်ပြောဆိုခဲ့သည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရုရှားက အမြောက်ကျည်တွေ အလောသုံးနေရတာလေ။ မြောက်ကိုရီးယားကနေ အမြောက်ကျည်‌တွေ ဝယ်သုံးနေရတယ်လို့ မနှစ်ထဲက သတင်းထွက်နေတာ။ ယူကရိန်း-ရုရှားစစ်ပွဲက သမရိုးကျစစ်ပွဲတစ်ခုဖြစ်လို့ အမြောက်ကျည်တွေ အတော်သုံးကြတယ်။ မြန်မာပြည်တွင်း စစ်ကတော့ ပြောက်ကျားတိုက်ပွဲတွေပဲဆိုတော့ အမြောက်က သိပ်မသုံးရဘူး။ အခုချိန်ထိ စကစက howitzers လို့ခေါ်တဲ့ အမြောက်တွေ ထုတ်မသုံးရသေးဘူး” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နေပြည်တော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ လာရောက်ခဲ့သော ရုရှားစစ်ဖက် ကိုယ်စားလှယ်များသည် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ)များက ထုတ်လုပ်သည့် လက်နက်ခဲယမ်းများ ဝယ်ယူရေးအတွက် ဆွေးနွေးခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“စကစက သူတို့မှာပိုနေတဲ့ အမြောက်ကျည်တွေ ရောင်းရင်ရောင်းမှာပေါ့ဗျာ။ လက်နက်ငယ်ကျည်ကတော့ ရောင်းလို့မရပါဘူး။ ရုရှားရဲ့ စံပြုလက်နက်ငယ်ကျည်က ၇.၆၂ ဖြစ်ပြီး စကစရဲ့ စံပြုလက်နက်ငယ်ကျည်က ၅.၅၆ ဖြစ်နေလို့ပါ။ ၁၂၂ မမ Howitzers Ammunition နဲ့ Explosives တချို့ကိုတော့ ရောင်းနိုင်စွမ်းရှိပါတယ်။ ပေါင်းလုပ်နေတာတွေကတော့ အရင်ထဲက ရှိပြီးသားပါပဲ။ စစ်ဘက်နည်းပညာ ကဏ္ဍတွေမှာပေါ့” ဟု CDM ဗိုလ်ကြီး ဗစ်တာက သုံးသပ်ပြောဆိုသည်။

အာဏာသိမ်းမှုနှင့် ယူကရိန်းစစ်ပွဲကြောင့် ရွာပြင်ထုတ်ခံလိုက်ရသော မြန်မာ အကြမ်းဖက်စစ်အုပ်စုနှင့် ရုရှားသည် ပိုမိုနီးကပ်သွားသောသဘောမျိုးရှိကြောင်း CDM ဗိုလ်ကြီး ဗစ်တာက သူ၏အမြင်ကို ဆက်လက်ပြောသည်။

“လက်နက်နဲ့ စစ်သုံးယန္တရားနဲ့ ဆက်စပ်ပစ္စည်းတွေကတော့ ဝယ်နေကြပါပဲ။ နျူကလီးယားနည်းပညာဆိုင်ရာတွေမှာလည်း ပူးပေါင်းမယ်ဆိုတာတွေ ပြောထားဆိုထားကြတာ ရှိနေပြီးသားပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲ့လို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာမျိုးကို တားဆီးဖို့ ကျိုးစားနေကြတာ ကြာပါပြီ။ ခုထိတော့ မတားဆီးနိုင်သေးပါဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ရုရှား #လက်နက်ခဲယမ်း #ထုတ်ရောင်းနိုင် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…