နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်
မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၇ ရက်၊ နံနက်ပိုင်းမှ စတင်၍ Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ၄ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း Successful Force – Pauk အဖွဲ့ထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံအနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော အဆိုပါရဟတ်ယာဉ်သည် မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေ Well 2 ကိုလည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် ပေါက်မြို့နယ်၊ ချိုင့်ဇောက်အောက်စုကျေးရွာနှင့် သန်းတောအိုင့်ကျေးရွာ အနီးအနား၌လည်းကောင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် မြိုင်မြို့နယ်ကိုလည်းကောင်း စုစုပေါင်း ၄ ကြိမ် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။
“နမခက လာတာဗျ။ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ Mi 35 ၁ စီးနဲ့ ၄ ကြိမ်ပစ်သွားတယ်။ ပထမအကြိမ်မှာ ပေါက်မြို့နယ်နဲ့ မြိုင်နယ်ကို လာပစ်တယ်။ ဒုတိယအကြိမ်က မြိုင်မြို့နယ်ထဲ။ တတိယအကြိမ်ကလည်း မြိုင်မြို့နယ်ထဲ။ စတုတ္ထအကြိမ်ကလည်း မြိုင်မြို့နယ်ထဲဗျ” ဟု Successful Force – Pauk အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယနေ့နံနက် ၁၀ နာရီခန့်ကလည်း ပေါက်နှင့်မြိုင်မြို့နယ်အစပ်ရှိ PDF စခန်းတစ်ခုကို ဝင်စီးမီးရှို့ရန် လာရောက်သည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ထောင်ထားသောမိုင်း ဖောက်ခွဲလိုက်သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း Successful Force – Pauk အဖွဲ့ထံမှ သိရသည်။
“ဒီလိုဗျ စကစစစ်ကြောင်း လာမှာသိတော့ PDF စခန်းကို မိုင်းထောင်ထားခဲ့ပြီး PDF အားလုံးရှောင်နေကြတယ်။ သူတို့(စကစ)တွေ စခန်းနားရောက်တော့ မိုင်းတွေကွဲပြီး သေဆုံးနိုင်တယ်ဗျ။ စကစသေတာကတော့ စုံးစမ်းနေဆဲဗျ” ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ပြောသည်။
ပေါက်မြို့နယ်ကို မတ်လ ၁၅ ရက်မှ စတင်ပြီး စစ်ကောင်စီစစ်ကြောင်းများ ထိုးလာခဲ့သည့်အတွက် ချိုင့်ဇောက်အောက်စု၊ ချိုင့်ဇောက်အထက်စု၊ မြို့ခင်းသာ၊ ထန်းပေါက်ကုန်း၊ ကျောက်တိုင်ခင်၊ သစ်ကြီးတောနှင့် သန်းတောအိုင့်ရွာတို့မှ ဒေသခံပြည်သူ ၅၀၀၀ ဦးနီးပါး ဘေးလွတ်ရာသို့ ယနေ့တိုင် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဓိကလိုအပ်နေကြောင်း ၎င်းက ဆိုသည်။
#ရွှေဘိုမြို့ #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။