နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)၏ ထုတ်ပြန်ချက်သည် နွေဦးတော်လှန်ရေးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ မပါဝင်စေလိုသည့် တရုတ် အစိုးရ၏ သဘောဆန္ဒတိုက်တွန်းချက်အတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီ တိုင်းမ်သတင်းဌာနကို ပြောသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်ကာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ခုနစ် ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်း မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာ အစည်း အဝေးပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
“တရုတ်ရဲ့ သဘောထားကတော့ သူက NUG နဲ့ ဆက်စပ်လှုပ်ရှားမယ့်သဘော မရှိပါဘူး။ NUG ကို အကြောင်းပြုပြီး အမေရိကန်နဲ့ အနောက်ဥရောပက ဝင်ရောက် လာမှာကို သူ့(တရုတ်)အနေနဲ့ တားဆီးလိုတဲ့ သဘောထားရှိတယ်။ အဲဒါကြောင့် သူ့(တရုတ်)ရဲ့ FPNCC အဖွဲ့တွေကို နွေဦးစစ်ဆင်ရေး၊ နွေဦးလှုပ်ရှားမှုမှာ တော်လှန်ရေးမှာ မပါဝင်ဘဲနဲ့ တတ်နိုင်သလောက် သီးခြားနေဖို့၊ ဖြစ်နိုင်လို့ရှိရင် စစ်ကောင်စီိနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ တိုက်တွန်းသွားတာပါ။ အဲ့ဒီသဘော၊ အဲ့ဒီအခြေ အနေ အောက်မှာ ဒီကြေညာချက် ထုတ်လိုက်တယ်လို့ပဲ့ ကျွန်တော်သဘောပေါက်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် UWSA၊ KIO/KIA နှင့် NDAA တို့၏ ဌာနချုပ်များသို့ လာရောက်ခဲ့ပြီးနောက် FPNCC အစည်းအဝေး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က စာပိုဒ် ၇ ပိုဒ်ပါသော လုပ်ငန်းအစည်းအဝေး ထုတ်ပြန်ကြေညာချက်ကို ယမန်နေ့ မတ်လ ၁၆ ရက်၊ ညပိုင်းက ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၏ စာပိုဒ် သုံး နှင့် လေး ပါ အကြောင်းအရာများသည် တရုတ်အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ခံယူသွားမည်ဟု သဘောတူလိုက်ခြင်းဖြစ်သလို NUCC နှင့် NUG အဖွဲ့များက အနောက်နိုင်ငံများကို မှီခိုသည့်သဘော တိမ်းညွတ် မှုများကို တုန့်ပြန်ဖော်ပြခြင်းဖြစ်ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။
“အဲဒီတော့ ဒီအပြောင်းအလဲ လုပ်လာတဲ့သဘောက ရှေ့လျှောက်မှာ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေက မြန်မာပြည်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ အရှိန် မြှင့်လာတဲ့ လှုပ်ရှားမှုတွေရှိတယ်။ ဥပမာအားဖြင့် NDAA မှာ NUG ကို အသိအမှတ် ပြုမှုတွေ၊ ဝါရှင်တန်မှာ NUG သံရုံး ဖွင့်လှစ်မှုတွေ စတဲ့ကိစ္စတွေ ပေါ်လာတဲ့အခါ တရုတ်ကလည်း သူရဲ့ဩဇာခံ အင်အားစုတွေကို သူ့လမ်းကြောင်းအတိုင်း သွားဖို့အတွက် တွန်းဆော်တဲ့သဘောပါပဲ” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
FPNCC ၏ ထုတ်ပြန်ချက် စာပိုဒ် သုံး နှင် လေး တွင် အစည်းအဝေးကာလအတွင်း အဖွဲ့အစည်း အသီးသီး၏ ဆွေးနွေးတင်ပြမှုများအပြီး၌ အစည်းအဝေးတစ်ခုလုံးကို ခြုံငုံ၍ သော်လည်းကောင်း၊ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကိုလည်းကောင်း၊ အဖွဲ့ အစည်းများ အချင်းချင်းကြား မတူကွဲပြားသော အကြောင်းအရာများကို သော်လည်း ကောင်း အသီးသီး ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ လူနည်းစု တိုင်းရင်းသားများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ကြရမည်ဖြစ်ကာ ထိုသို့အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က ထုတ်ပြန်ပြောဆိုသည်။
“မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့လုံးက တရုတ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရှိနေတယ်ဆိုတာထင်ရှားပါတယ်။ တရုတ်နဲ့ ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်း လိုတယ်ဆိုတဲ့ သဘောတရားကိုလည်း တရားဝင် ထုတ်ဖော် ကြေညာလိုက်တယ်လို့ ယူဆလို့ရပါတယ်။ တရုတ်နဲ့ စီးပွားရေးအရရော၊ ငြိမ်းချမ်းရေးအရနဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးကဏ္ဍတွေ အားလုံးမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာတွေကိုလည်း တိုးမြှင့်ဆောင်ရွက်သွားကြဖို့ကို ကတိကဝတ် ပြုတဲ့သဘောလည်း ဆောင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာ့နိုင်ငံရေးအပေါ် တရုတ်အစိုးရ၏ ရှုမြင်ပုံနှင့် ရပ်တည်မှုများသည် အထူးသဖြင့် တရုတ်အစိုးရနှင့် စစ်ကောင်စီ၏ဆက်ဆံရေး၊ တရုတ်အစိုးရနှင့် NUG ဆက်ဆံရေး များသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အပေါ်အတိုင်းအတာတစ်ခုထိ အကျိုး သက်ရောက်သွားနိုင်သလို အနောက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေပေါ် မူတည်၍လည်း တရုတ်အစိုးရ၏ မြန်မာနိုင်ငံရေးဆိုင်ရာ ရပ်တည်မှုကို သတိထား ကြည့်ကြရန် လိုအပ်ကြောင်း ဦးစိုင်းကြည်ဇင်စိုး က ဆိုသည်။
“အဲဒီသတင်းကြားတော့ စိုးရိမ်နေတာ၊ မအလကတော့ တိုင်းတွေကို ချုပ်မယ်။ ပြည်နယ်တွေကို မျှပေးလိုက်မယ်။ ဒါဆို သူ့(မအလ)အနေအထား မပျက်ဘူးပေါ့ဗျာ။ ရွေးကောက်ပွဲတောင် သူ့(မအလ)အတွက် မလိုတော့သလောက် ဖြစ်သွားမယ်။ ပြည်နယ်တွေမှာ လုပ်ချင်ရာလုပ်ကြပေါ့ဆိုပြီး လက်နက်ကိုင်တွေကို တရုတ်နဲ့မျှ ထိန်းမယ်။ ပွဲကတော့ ကြပ်သထက် ကြပ်သွားတာပေါ့ဗျာ” ဟု ဝါရင့် နိုင်ငံရေးသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ် တပ်မတော် (MNDAA)တို့ ပါဝင်ပြီး ယင်းအဖွဲ့များသည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဖြစ်သည်။
#နွေဦးတော်လှန်ရေး #မြောက်ပိုင်းမဟာမိတ် #တရုတ်အစိုးရ #FPNCC #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။