ဧရာဝတီတိုင်းမ်
(ကျွန်းလှ)၊ မတ်လ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံများကို ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှ ဖိအားပေးစေခိုင်းလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ကျွန်းလှမြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ငါး ရက်ကွက်ရှိပြီး ရပ်ကွက် နှစ် ခုမှာပျူစောထီး အားကောင်းသည့်ရပ်ကွက်များဖြစ်သည်။ ထို့ကြောင့် ရှမ်းစု ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးသန်းထိုက် ဦးဆောင်၍ ကျန်ရပ်ကွက်များမှ ဒေသခံများအား မဖြစ်မနေ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် မတ်လ ၁၄ ရက်နေ့က ပြုလုပ်သည့် အစည်း အဝေးတွင်ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်းလှမြို့ပေါ်မှာ ဟိုးအရင်တည်းကနေ ဒီလိုသင်တန်းတွေရှိတယ်။ ဒီကနေ တစ်ဆင့်ရွာတွေကိုရောက်ပြီး သင်တန်းတက်ခိုင်း မတက်ရင်ပိုက်ဆံထည့် အဲ့လိုမျိုးတွေ၊ အခုမြို့ပေါ်ကို တစ်ကြိမ်ပြန်လှည့်လာတာ။ မြို့ပေါ်မှာ ပျူအားကောင်းတဲ့ ရပ်ကွက် နှစ်ခုရှိတယ်။ အခုက ပျုအား သိပ်မကောင်းတဲ့ ရက်ကွက်တွေကိုဖိအားပေးခိုင်းတာ။ ဒီသင်တန်းကို မတက်ရင် ယူနီဖောင်းဖိုး၊ သင်တန်းစားစရိတ် သူတို့ကို တစ်အိမ်ကို ပိုက်ဆံဘယ်လောက်ပေးရမယ်ပေါ့။ အဲ့ဒီခိုမျိုးတွေပိုက်ဆံကောက်တယ်” ဟု အသက် ၅၀ အရွယ် ကျွန်းလှဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျွန်းလှမြို့ပေါ်နှင့် ကျေးရွာများအားဆက်သွယ်ထားသည့် လမ်းများအား ပိတ်ထားသည့် အတွက် ကုန်စည်စီးဆင်းမှု ပြန်တောက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများမှာ စစ်ဆေးရေးဂိတ်များမှ ဂိတ်ကြေးများရရှိခြင်းမရှိတော့၍ မြို့ပေါ်တွင် ပြည်သူ့ စစ်သင်တန်းများဖွင့်ကာ သင်တန်းမတက်သည့် အိမ်များမှငွေကြေးကောက်ခံ၍ ပိုက်ဆံယူ နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများသည် ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် ပြည်သူ့စစ် သင်တန်းများ ဖိအားပေးတက်ခိုင်းကာ ဒေသခံပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းယူခြင်း၊ စစ်ကောင်စီစစ်ကြောင်းများနှင့်ပူးပေါင်း၍ လှည့်လည်မီးရှို့ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ကျွန်းလှ #ကန့်ဘလူခရိုင် #စစ်ကောင်စီလက်အောက်ခံ #ပျူစောထီး #ပြည်သူ့စစ်သင်တန်း #Ayeyarwaddy_Times