ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ဧရာ၀ဏ်လမ်းတွင် ယနေ့ နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့၀င်များအပါအ၀င် ရဲသတင်းပေးဆိုသူလည်း သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရှိရသည်။

မတ်လ ၁၇ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်က သာကေတမြို့နယ်၊ ဧရာ၀ဏ်လမ်း၊ ဂတ်စ်ဆိုင်အနီး၊ ကွန်ပျူတာနှင့် မိတ္တူဆိုင်တွင် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့၀င် ၂ ဦးနှင့် ရဲသတင်းပေးဆိုသူ တစ်ဦးတို့ စာရွက်များကူးနေစဉ် ၀င်ရောက်ပစ်ခတ်ခံ ရခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“မိတ္တူဆိုင်မှာ ၀င်ပစ်ခံရတာ။ ရဲတစ်ယောက်နဲ့ ရဲသတင်းပေးလို့ နာမည်ထွက်နေတဲ့ မိတ္တူဆိုင်ကတစ်ယောက်သေတယ်။ တစ်ယောက်ကတော့ ဒဏ်ရာပဲရသွားတယ်။ ခုတော့လမ်းတွေပိတ်ပြီး အကုန်စစ်နေတယ်”ဟု သာကေတမြို့နယ်နေထိုင်သူ အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရသည့် ၃ ဦးသည် ဆိုင်ထဲတွင်ရှိနေစဉ် အမျိုးသားနှစ်ဦးမှ ရောက်ရှိလာပြီး ဆိုင်အ၀မှနေ၍ သေနတ်ဖြင့် ၁၂ ချက်ခန့် ပစ်ခတ်သွားခြင်းကြောင့် ရဲတပ်ဖွဲ့၀င်တစ်ဦးနှင့် ဆိုင်ဖွင့်ထားသူ နယ်ထိန်းရဲ စောလေးဖောဆိုသူတို့ နေရာတွင်ပင်သေဆုံးပြီး ကျန်ရဲတစ်ဦးမှာ ဒဏ်ရာရရှိသောကြောင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များမှ သာကေတမြို့နယ်တစ်ခုလုံးကို အစစ်ဆေးကြမ်းလျက်ရှိပြီး မြို့နယ်မှထွက်ခွင့်ကိုလည်း ပိတ်ထားကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့မှပြုလုပ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

#သာကေတ #ရဲနှစ်ဦးနှင့်သတင်းပေးတစ်ဦး #ပစ်ခတ်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…