ဧရာ၀တီတိုင်းမ်
မတ်လ ၁၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်း ကျေးရွာ အနောက်ဘက် တောင်ကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကရင်နီပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၆ ရက် နံနက် ၇ နာရီခန့်က နမ့်နိန်း ကျေးရွာ အနောက်ဘက်ရှိ တောင်ကြောသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန် ရေးတပ် ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၈၀၅) နေပြည်တော် PDF ထံက သိရသည်။
“စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းလာပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး လာတာ။ ပစ်လို့မရအောင်ပေါ့။ ပြည်သူတွေကို ကာပြီး လာတာ။ နမ့်နိန်းအနောက်ဘက်မှာ စစ်ကြောင်းထိုးပြီး တပ်စွဲထားတာ။ သူတို့ဖမ်းလာတဲ့ ပြည်သူတွေကို စစ်သုံ့ပန်းလိုဖမ်းဆီးနှိပ်စက်နေတာ။ ဖမ်းခံထားရတဲ့ပြည်သူတွေကို ဒိုင်း အနေနဲ့ကာပြီး ရေခပ်ဆင်းလာတဲ့အချိန် ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပါ။ စစ်ကောင်စီဘက်က ၂၀ ကျော် သေတယ်။ ကျွန်တော်တို့ ဘက်ကလည်း ထိတဲ့သူရှိတယ်” ဟု တပ်ရင်း (၈၀၅) နေပြည်တော် PDFမှ တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ထိပ်တိုက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်မှ ရဲဘော် ၅ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ KRU တပ်ဖွဲ့မှ နှစ် ဦး၊ တပ်ရင်း (၈၀၄) တပ်ဖွဲ့မှ တစ် ဦး၊ တပ်ရင်း (၈၀၅)တပ်မှ တစ် ဦး၊ စစ်တောင်းပြောက်ကျားတပ်ဖွဲ့မှ တစ် ဦးစုစုပေါင်း ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲကို ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု KRU၊ KNDF တပ်ရင်း (၁၁) ၊ PNDF(KK)၊ အလယ်ပိုင်းတိုင်း တပ်ရင်း (၈၀၄)၊ တပ်ရင်း (၈၀၅)၊ တပ်ရင်း (၁၁၀၂) နှင့် စစ်တောင်းပြောက်ကျားအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဒေသခံနှင့် ပြည်သူများကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးမှု များပြုလုပ်၍ တိုက်ပွဲများပြင်းထန်နေသည့်အတွက် PNDF(KK), KNDF တို့မှ ထုတ်ပြန် ထားသည့်အတိုင်း စစ်မျက်နှာနှင့် ဝေးသည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ပေး ကြရန် တပ်ရင်း (၈၀၅) နေပြည်တော် PDFက တိုက်တွန်းထားသည်။
#ရှမ်းပြည်တောင်ပိုင်း #ပင်လောင်းမြို့ #နမ့်နိန်းကျေးရွာ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ်သား #၂၀သေ #လူသားဒိုင်း #Ayeyarwaddy_Times