နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၁၇ ရက်

အကြမ်းဖက်စစ်အုပ်စု၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ကရင်နီ(ကယား)ပြည်နယ်ကို သွားရောက်ပြီး ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများအား အားပေးစကားပြော မြှောက်ပင့်ပေးကာ ဘာသာ ရေးခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ Non CDM များကိုလည်း မက်လုံးပေး စည်းရုံးရေးဆင်းခဲ့ကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်ကို ယမန်နေ့ မတ်လ ၁၅ ရက်က သွားရောက်ခဲ့သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ထိုပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ Non CDM များကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။

ထိုတွေ့ဆုံပွဲတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက MSME နှင့် Member Card ကိစ္စအပါအဝင် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကရင်နီ(ကယား)ပြည်နယ်ကို ငွေကျပ် ၁၀ ဘီလီယံ အရင်းမ ပျောက် မတည်ပေးထားပြီး အခြားပြည်နယ်များနှင့် တပြေးညီ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံပြည်သူများအတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း မက်လုံးပေး စည်းရုံးပြောဆိုခဲ့သည်။

အလားတူ လွိုင်ကော်တပ်နယ်မှ ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများအား ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာတွင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ သည့် စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ် ထမ်းဆောင်ကြရန်နှင့် စစ်ဆင်ရေး လုံခြုံရေးတာဝန် ထမ်းဆောင်ရာတွင် သင်ကြားပေးသည့် စစ်ပညာများကို မှန်မှန်ကန်ကန် အသုံးချရန်နှင့် တပ်ဆင်ပေးထားသော လက်နက်ခဲ ယမ်း ကိရိယာများကိုလည်း အပြည့်အဝ ထိရောက်စွာ အသုံးချရန်လိုကြောင်း၊ သိုမှသာ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကောင်းမွန်စာ ကာကွယ်စောင့်ရှောက်နိုင်မည်ဟု မြှောက်ပင့်ပြောဆိုခဲ့သည်။

ထို့အပြင် ပြည်နယ်၏ ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ အခက်အခဲရှိပါက ဖြေရှင်းညှိနှိုင်းပေးနိုင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မဟုတ်မမှန် ဝါဒဖြန့်စကားများ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ပစ်ခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးထားကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက အဆိုပါ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သော်လည်း ကရင်နီ(ကယား) အပါအဝင် တိုင်း/ပြည်နယ်အများစုကို အကြမ်းဖက်စစ်အုပ်စုက စစ်အင်အား တိုးချဲ့ခြင်းများပြုလုပ်နေသည်။

စစ်ကြောင်းထိုးသည့် စစ်ကောင်စီ၏တပ်များမှ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခြင်း၊ အပြစ်မဲ့ ဒေသခံပြည်သူများကို ညှင်းပန်းနှိပ်စက် ဖမ်းဆီးပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဘာသာရေး အဆောက်အဦနှင့် ပြည်သူ့အိုးအိမ် စည်းစိမ်များကို ခိုးယူလုလက် ဖျက်ဆီးမီးရှို့ခြင်းနှင့် ဘာသာရေး/လူမျိုးရေး ဝါဒမှိုင်းတိုက်ခြင်း၊ အသုံးချခြင်းများ စသည်တို့ကို တစ်နေ့တခြား ပိုမိုလုပ်ဆောင်နေသည်။

#ဒုစစ်ခေါင်းဆောင် #စိုးဝင်း #ကရင်နီပြည် #မက်လုံးပေး #စည်းရုံးရေးဆင်း #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…