ဧရာ၀တီတိုင်းမ်
မတ်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို မတ်လ ၁၄ ရက်နေ့ ညပိုင်းတွင် PDF များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ၏ နမခဌာနချုပ်ကို ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက် ဦးသေဆုံး ကြောင်း Chindwin Attack Force ထံက သိရသည်။

“နမခတိုင်းရုံးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ရုံးအတွင်းကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ခြောက် ယောက်သေတယ်။ သူတို့ဘက် ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ စစ်ကောင်စီနဲ့ ပတ်သက်တာ မှန်သမျှကို တိုက်ပွဲဖော်ဆောင်ပြီး တိုက်ခိုက်သွားမှာပါ”ဟု Chindwin Attack Force တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မုံရွာ နမခဌာနချုပ်အား ၄၅ မိနစ်ကြာတိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်းနှင့် ၎င်းတို့၏ တပ်ရင်း တပ်ဖွဲ့ တပ်ခွဲများအတွက် လက်နက်ခဲယမ်းများစွာ လိုအပ်လျက်ရှိသည်ဟု Chindwin Attack Force တာဝန်ရှိသူက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်(Chindwin Attack Force)တပ်ရင်း (၂) တပ်ခွဲ-၄ Fight For People (FFP- PDF)၊ Chindwin Attack Force တပ်ရင်း (၃) တပ်ခွဲ-၃ ဂဠုန်နက် PDF၊ မုံ ရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) တပ်ခွဲ-၄၊ တပ်ရင်း (၄) တပ်ခွဲ -၂ ခွေးသတ်မုဆိုး PDF၊ ကျားသစ်နက် LPDF ၊ ယက္ခညီနောင် LPDF နှင့် 9 One People’s Defense Force ပူးပေါင်းအဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အ‌ခြေအနေ အသေးစိတ်ကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #နမခဌာနချုပ် #လက်နက်ကြီး #ပစ်ခတ်တိုက်ခိုက် #၆ဦးသေ #Ayeyarwaddy_Times