ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၁၅ ရက်

စစ်ကောင်စီသည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အနောက်ဘက်ပိုင်းတွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ၁၂၀-မမ လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်နိုင်ကြောင်း CDF-Mindat သတင်း ပြန်ကြားရေးနှင့် မှတ်တမ်း ဌာနက သိရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအချက်ပေါင်း ၂၀ ကျော်ပစ်ခတ်မှု တို့ကြောင့် မင်းတပ်မြို့၊ အနောက်ဘက် မင်းတပ်-မတူပီလမ်းမ ၁၆ မိုင်နှင့် အနီးအနားဝန်ကျင်ရှိ ကျေးရွာများမှ အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု ရှိနိုင်ကြောင်းသိရသည်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲပြီး လက်နက်ကြီး အချက်ပေါင်း ၂၀ ကျော်ကို သန်းခေါင်ယံ ၂ နာရီအထိ ပစ်ခတ်တာရှိတယ်။ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိနိုင်တယ်။ ဆုံးရှုံးမှုလည်း များမယ်ထင်တယ်။ နောက်ရက် မတ်လ ၁၄ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ်” ဟု CDF-Mindat သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထား ရခြင်းကြောင့် ပြည်သူများ၏ အခြေအနေမှန်ကို တိတိကျကျသိရှိနိုင်ရန် အခက်ကြုံနေရပြီး မင်းတပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရုံးအချို့တွင်အင်တာနက်လိုင်း အသုံးပြုနေကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် ကျောက်ထုမြို့၊ အမြောက်တပ်ထဲကို ဝင်ရောက်နေသော စစ်ကောင်စီ ယာဥ်တန်းသည် မင်းတပ်မြို့ကို ရှောင်ဖယ်ကာ ကျောက်ထုမြို့မှ ထီးလင်းမြို့ဘက်သို့ ယာဥ်တန်းတချို့ ထွက်ခွာနေပြီး ထီးလင်းမြို့မှ မင်းတပ်-မတူပီ မိုင် ၄၀ အထိ တောလမ်းမှနေ၍ မတူပီမြို့အထိ သွားရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်

ချင်းပြည်နယ် #မင်းတပ်မြို့ #စစ်ကောင်စီ #ဂျက်ဖိုက်တာ၂စီး #ဗုံးကြဲတိုက်ခိုက် #၁၂၀မမလက်နက်ကြီး #ပြည်သူများထိခိုက် #Ayeyarwaddy_Times