ဧရာ၀တီတိုင်းမ်
မတ်လ ၁၅ ရက်
နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကောင်စီ၏ အမှတ်(၆၀၄) ခြေမြန်တပ်ရင်းကို နေပြည်တော် PDF က လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညပိုင်းအချိန်က လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄) ခြေမြန်တပ်ရင်းကို တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော် PDF ထံက သိရသည်။
“စစ်ခေါင်းဆောင်နေတဲ့ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို ကာထားတဲ့တပ်တွေကို တိုက်ခိုက်တာပါ။ စစ်ရေးအရှိန်မြှင့်တာပါ။ မစ်ဇိုင်း လေးလုံးနဲ့ ပစ်ခဲ့တာပါ။ နောက်ချန် တပ်တွေကို အဓိကထားတိုက်ခိုက်သွားမှာပါ။ နေပြည်တော်အခြေစိုက်တပ်တွေ မလုံခြုံ အောင်တိုက်ခိုက်သွားမှာပါ” ဟု နေပြည်တော် PDF တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ရင်း (၆၀၄) ကို ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် တပ်ရင်းအတွင်းသို့ ထိမှန်ကျရောက်ခဲ့ပြီး ကျန်အလုံးများသည် လက်နက်တိုက်နှင့် အနီးသို့ ကျရောက်ခဲ့ ခြင်းရှိသလို တပ်ခြံစည်းရိုးအုတ်တံတိုင်းနားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများ ရှိသည်ဟု နေပြည်တော် PDF တာ၀န်ရှိသူက ဆိုသည်။
စစ်ကောင်စီတပ်သည် ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လူနေအိမ်များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှုများပြုလုပ်ခဲ့ပြီး ယမန်နေ့ကလည်း အောင်နန်းချိုရွာအနီးတွင် အင်အား ၃၀ ခန့် စစ်ကြောင်းထိုး၍ လိုက်လံရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ယခုရက်ပိုင်းအတွင်း နေပြည်တော်ရှိ လေကြောင်းရန် ကာကွယ်ရေး တပ်အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကြံ့ခိုင်ရေးပါတီမှ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌနေအိမ်၊ ညွှန်ကြားရေးမှူးဟောင်းတစ်ဦး၏ စားသောက်ဆိုင်နှင့် နေပြည်တော် စစ်ဆေးရေးဂိတ်များကို စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့မှ လေး ရက် ဆက်တိုက် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။
#နေပြည်တော် #တပ်ရင်း၆၀၄ #ခြေမြန်တပ် #လက်နက်ကြီး #ပစ်ခတ် #စစ်ရေးအရှိန်မြှင့် #Ayeyarwaddy_Times