နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /မတ်လ၁၅ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေဘက်ရှိ ဃောကြီးကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံများ ထွက်ပြေးတိမ်းရှောင်စဉ် ၎င်းတို့၏ နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများနှင့် ငွေများကို ဝင်ရောက်ရှာဖွေ ခိုးယူခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဃောကြီး ကျေးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လူနေတဲများနှင့် ကွမ်းခြံများကိုပါ မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
“ မနေ့ မနက်ပိုင်းကတည်းက မြို့ပေါ်ကိုပတ်နေတဲ့စစ်ကောင်စီ စစ်ကြောင်းပဲ ညနေပိုင်းမှာ ဃောကြီးရွာထဲကိုဝင်လာတာ။ စစ်ကြောင်းထိုးလာလို့ ရွာက လူတွေထွက်ပြေးတဲ့အချိန်မှာ အိမ်တွေထဲဝင်ပြီး ပြည်သူတွေကျန်နေခဲ့တဲ့ပစ္စည်းတွေ ခိုးယူကြတာ။ ပြီးတာနဲ့ ကွမ်းခြံနဲ့ နားဖို့ ဆောက်ပေးထားတဲ့ တည်းတွေကို ပါမီးရှို့ဖျက်ဆီးသွားတာ” ဟု အသက် ၃၀ အရွယ် စစ်ဘေးရှောင် ဒေသခံအမျိုးသမီးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မုံရွာမြို့နှင့် မုံရွာမြို့အနီးအနားရှိကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ကြောင်းလျှင် စစ်ကောင်စီတပ်သား ၂၀ ၊ ၃၀၊ ၄၀ ခန့်သာပါဝင်ပြီး စစ်ကောင်စီတပ်အင်အားအများကြီး ရှိဟန်ဆောင်ကာ စစ်ကြောင်းလေးကြောင်း ၊ ငါးကြောင်းပုံစံဖြင့် နေရာဖြန့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း တော်လှန်ရေး အဖွဲ့များထံက သိရသည်
#မုံရွာမြို့အရှေ့ဘက် #ဃောကြီးကျေးရွာ #စစ်ကောင်စီတပ် #ဒေသခံများ #ထွက်ပြေး #ပစ္စည်းခိုး #Ayeyarwaddy_Times