ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ မတ်လ ၁၅ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ(၅၆၁) တပ်ခြံစည်းရိုးအနီးတွင် ယမန်နေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ၁၁ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ ခမရ(၅၆၁)တပ်ရင်းအနီး ဘောလုံးကွင်းဘေးရှိ သီဟိုဠ်ခြံအတွင်းတွင် သီဟိုဠ်စေ့ကောက်နေသည့် အသက် ၄၇ နှစ်အရွယ် တပ်မိသားစုဝင်အမျိုးသမီးသည် မိုင်းနင်းမိ၍ ခြေထောက်ပြတ်လုနီးပါး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
” (၅၆၁) တပ် (စစ်ကောင်စီတပ်)နံဘေးဘောလုံးကွင်းနားမှာ သိဟိုဠ်စေ့ကောက်ရင်း ခြေနင်းမိုင်းနင်းမိတာ။ တပ်နားတစ်ဝိုက်မှာ စစ်တပ်ကထောင်ထားတဲ့မိုင်းတွေရှိတယ်။ သူကအဲ့ဒီတပ်ထဲမှာ ပဲနေတာ။ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ယောက္ခမလို့သိရတယ်” ဟု အသက် ၃၀ ဝန်းကျင် တနင်္သာရီဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ညာဘက်ခြေထောက်ပြတ်လုနီးပါးဒဏ်ရာရရှိခဲ့သည့် အဆိုပါအမျိုးသမီးသည် ယခုအခါ မြိတ်ဆေးရုံဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်သစ်ကျေးရွာမှ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ရှစ် ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
#တနင်္သာရီမြို့နယ် #လယ်သစ် #စစ်ကောင်စီတပ် #ခမရ၅၆၁ #မိသားစုဝင် #မိုင်းနင်းမိ #ခြေထောက်ပြတ် #Ayeyarwaddy_Times