ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၁၅ ရက်

တနသာ်ရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ မိကျောင်းလှောင်း (ရွာသစ်) မှ စစ်ကောင်စီသတင်းပေး ပျူစောထီး ဆရာတပည့် နှစ်ဦးသည် မတ်လ ၁၁ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း သေဆုံးခြင်းမရှိဘဲ တစ်ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရသူ နှစ်ဦးမှာမိကျောင်းလှောင်းရွာရှိ စစ်ကောင်စီသတင်းပေးဆိုသူ အသက် ၃၀ အရွယ် ကိုမောင်မောင်နှင့် ၎င်း၏တပည့်ဖြစ်သူ ကိုထက်ထက်အောင် အသက် ၂၈ တို့ဖြစ်ကြပြီး မိကျောင်းလှောင်း-နတ်အိမ်တောင်သွား ကားလမ်းမတစ်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

“သူက ရွာထဲကသတင်းတွေကို နတ်အိမ်တောင်လမ်းမှာ ရှိတဲ့ စစ်ကောင်စီ ဂိတ်ကိုသတင်းသွားပို့တာ။ သူ့တပည့်လည်းပါတယ်။ အဲဒီဂိတ်မှာသူက တစ်ခါ တစ်လေ ကင်းသွားစောင့်ပေးသေးတယ်။ သတင်းပို့ပြီးပြန်လာတဲ့ လမ်းပိုင်း တစ်နေရာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက သူတို့ နှစ်ယောက်ကို ပစ်ခတ်ခဲ့တာ” ဟု ကလိန်အောင်မြို့မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ကျည်ကာအကျင်္ီ ဝတ်ဆင်ထားသည့် စစ်ကောင်စီသတင်းပေး ပျူစောထီး ကိုမောင်မောင်မှာ ထိခိုက်မှုမရှိသော်လည်း ၎င်း၏တပည့် ကိုထက်ထက်အောင်၏ တင်ပါးနှင့် ခြေထောက်တို့တွင် သေနတ်ဒဏ်ရာများ အသီးသီးရရှိပြီး ကလိန်အောင်မြို့ ဆေးရုံတွင်လက်ရှိအချိန်အထိ ဆေးကုသမှုခံယူ နေရကြောင်း ဒေသခံများထံက သိရသည်။

“သူကအရမ်းဆိုးတဲ့ ပျုစောထီးပေါ့။ အဲဒီပျူစောထီး မောင်မောင် ကို စစ်ကောင်စီတပ်က သေနတ်အတိုရော အရှည်ပါထုတ်ပေးထားတယ်။ အရင်ကလည်း သူ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက အကြိမ်ကြိမ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူက ကျည်ကာအကျင်္ီ ဝတ်ဆင်ထားတာကြောင့် ထိခိုက်ဒဏ်ရာ မရရှိဘူး” ဟု မိကျောင်း လှောင်းရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၉ ရက်က ဇင်းဘာရွာနှင့် ကျောက်ရှပ် ကျေးရွာ(နွယ်လီရွာ)မှ ဆယ်ကျော်သက် အမျိုးသမီးငယ်နှစ်ဦးကို ကလိန်အောင်မြို့ပေါ်တွင် ဖမ်းဆီးခဲ့သည်။ ယခုရက်ပိုင်းအတွင်း ကလိန်အောင်မြို့ပေါ်တွင် ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ကာ ဒေသခံ ခုနစ် ဦး ခန့်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးသာ ပြန်လည် လွတ်မြောက်ကြောင်းသိရသည်။

ဓာတ်ပုံ၊စစ်ကောင်စီသတင်းပေး ပျူစောထီး ကိုမောင်မောင်

#တနင်္သာရီတိုင်း #ကလိန်အောင်မြို့ #မိချောင်းလှောင်းရွာ #စစ်ကောင်စီသတင်းပေး #သေနတ် #သေဆုံးခြင်းမရှိ #Ayeyarwaddy_Times