ဧရာ၀တီတိုင်းမ်
မတ်လ ၁၅ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းတွင် သံဃာတော်များအပါအ၀င် ပအိုဝ်းဒေသခံ ၃၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းအပေါ် ရှုတ်ချဆန္ဒပြပွဲကို ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ပေါ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းသည် အမျိုးသားညီညွတ်ရေးအစိုရ (NUG) လက်အောက်ခံ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီ တပ်က စွပ်စွဲကာ ဒေသခံ၂၀,၀၀၀ ကျော်ကို ဖိအားပေး ခေါ်ဆောင်၍ ရှုတ်ချဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲကို တောင်ကြီးမြို့ ပအိုဝ်းတပေါင်းကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) မှဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပအိုဝ်းဒေသခံများကို တစ်အိမ်လျှင်တစ်ယောက် မလာမနေရ တက်ရောက်ရမည်ဟု ဖိအားပေးအမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရသည်။

“တစ်အိမ်ကိုတစ်ယောက်လာရမယ်ဆိုပြီး ကျေးရွာလူကြီးကပြောတယ်။ မလာရင် ဒဏ်ရိုက်ပြီး ရွာထဲကမောင်းထုတ်မယ်လို့ပြောတယ်”ဟု ပအိုဝ်းဒေသခံတစ် ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပအိုဝ်းဒေသခံများကို စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ်(PNO) အဖွဲ့မှ ဖိအားပေးခိုင်း စေမှုများရှိနေပြီး ယခုကဲ့သို့ တန်ပြန်ဝါဒဖြန့် လုပ်ဆောင်မှုများ လုပ်ဆောင်နေခြင်း အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ယခုလို ပြောကြားသည်။

“တိုင်းရင်းသားတွေဆိုတာ ခုလိုကိစ္စရပ်တွေမှာ ပါ၀င်ဖို့ခဲယဉ်းကြတယ်။ ဒီလိုပွဲမျိုးတွေ လုပ်တတ်တဲ့သူတွေ မဟုတ်ဘူးပေါ့။ သူတို့ကိုဖိအားပေး စေခိုင်းမှုကြောင့် ဆိုတာ သိသာနေတယ်။ ဒီလိုဆိုးဝါးပြီး လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ပြည်သူတွေကို အကြောက် တရားသွင်း ပြီးရင်သူများကိုလွှဲချတဲ့ ဖြစ်ရပ်တွေက ရှေ့မှာဖရူဆိုဖြစ်ရပ်တုန်းက ခုလိုပဲစွပ်စွဲခဲ့တာ။ ပြီးရင် ဒေသခံတွေခေါ် ဆန္ဒပြရှုတ်ချတဲ့လုပ်ရပ်က စစ်တပ်ရဲ့အရိုးစွဲ နေတဲ့ လုပ်ရပ်တစ်ခုလိုတောင်ဖြစ်နေပြီ။ သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ပေါ့။ ဒီထက်မကတဲ့ မတွေးနိုင်တဲ့လုပ်ရပ် တွေကိုတောင်လုပ်လာနိုင်တယ်” ဟု အမည်ဖော်ပြလိုခြင်းမရှိသော ရှမ်းပြည်နယ်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့၊ နမ့်နိန်းကျေးရွာတွင် သံဃာတော်များ အပါအ၀င် ပြည်သူအယောက် ၃၀ အား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီတပ်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ထိရောက်သည့် အရေးယူမှုများဖြင့် ပြန်လည်တုန့်ပြန်သွားမည်ဟု KNDF က ဆိုထားသည်။

#ရှမ်းပြည်နယ် #ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် #ပင်လောင်း #နိမ့်နိန်းကျေးရွာ #ဒေသခံများ #စစ်ကောင်စီတပ် #ဝါဒဖြန့်ဆန္ဒပြ #ဖိအားပေးခိုင်းစေ #Ayeyarwaddy_Times