ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တွင် စာမေးပွဲအခန်းထဲ၌ မေးခွန်းလဲလှယ်သည့် ဒဿနိက ပထမနှစ် ကျောင်းသူတစ်ဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သဖြင့် ကျူးလွန်သူဆရာမအား အရေးယူဆောင်ရွက်ပေးရန် စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်သည်။

မတ်လ ၁၃ရက်နေ့က စစ်တွေတက္ကသိုလ် စာမေးပွဲအခန်းနံပါတ် ၄၁၅တွင် ဝင်ရောက်ဖြေဆိုနေသည့် ဒဿနိက ပထမနှစ် ကျောင်းသူ ၂ဦးမှာ စာမေးပွဲဖြေနေစဉ်အချိန်အတွင်း မေးခွန်းလှဲလှယ်ခဲ့သည့်အတွက် အခန်းစောင့်ဆရာမဖြစ်သည့် ရူပဗေဒဌာနမှ ဆရာမဒေါ်ခင်သန္တာထွန်းမှာ အဆိုပါကျောင်းသူများအား နှုတ်ဖြင့်ပြောဆိုခဲ့သည့်အပြင် ကျောင်းသူတစ်ဦးကိုပါ ပါးကိုရိုက်နှက်ခဲ့သည်ဟု မျက်မြင်ကျောင်းသူများ၏ ပြောဆိုချက်အရသိရသည်။

ထိုသို့ကျောင်းသူအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် တက္ကသိုလ်အာဏာပိုင်များနှင့်တာဝန်ရှိသူများအနေဖြင့် အရေးယူပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့က ထုတ်ပြန်တောင်းဆိုထားသည်။

ကျောင်းသားသမဂ္ဂအဖွဲ့(စစ်တွေတက္ကသိုလ်)မှ ဥက္ကဌ
ကိုမင်းကိုအောင်က” တကယ်လို့မေးခွန်းလှဲတယ်ဆိုရင် စာမေးပွဲစည်းကမ်းအရ အရေးယူလေ။အခုလည်း သူတို့အဖြေလွှာတွေကိုသိမ်းပြီး မှင်နီတားကတည်းက အရေးယူပြီးပြီ။ဒါကို ဆရာမက နုတ်နဲ့လည်း နှိမ့်ချစော်ကားတဲ့အပြင် ကျောင်းသူတစ်ယောက်ကို ပါးရိုက်တဲ့အထိလုပ်တာကတော့မလုပ်သင့်ဘူး။စေတနာစိတ်နဲ့ လုပ်မိသွားတာပါလို့ ဆရာမဖက်ကဘယ်လိုပဲပြောပြော ကိုယ်ထိလက်ရောက်ရိုက်ထားတဲ့အတွက် သူတို့ဖက်ကစေတနာနဲ့ပါဆိုတဲ့စကားက လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ထင်တယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုကဲ့သို့ ကျောင်းသူတစ်ဦးကို လူပုံအလယ်တွင် ဆဲဆိုရိုက်နှက်ခြင်းမှာ မိန်းကလေးတစ်ဦး၏ စိတ်ပိုင်ဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေသည့်အတွက် အမျိုးသမီးတစ်ဦးအနေဖြင့် လက်ခံနိုင်စရာအကြောင်းမရှိကြောင်း ဥပဒေမေဂျာ ပထမနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

” ဆရာမနဲ့ကိုယ်နဲ့ ၂ယောက်တည်းရှိနေစဉ် အရိုက်ခံရတာမဟုတ်ဘဲ ရွယ်တူကျောင်းသား/ ကျောင်းသူတွေအများကြီးအလယ်မှာအရိုက်ခံရတာဆိုတော့ သူ့အနေနဲ့ ဘယ်လောက်ထိတောင်ရှက်သွားမလဲ။မနက်ဖန်စာမေးပွဲထပ်လာဖြေဖို့အတွက်ရော သူဘယ်မျက်နှာနဲ့လာရဲမလဲ။ကျမတို့ဆို ကိုယ့်ဆီက ခိုးချစာရွက်ကိုဆရာမဖမ်းမိသွားရင်တောင် ကိုယ့်အနားကလူတွေကို ရှက်မိတယ်။အခုလုပ်ရပ်က သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုရော အရမ်းထိခိုက်စေတယ်။မိန်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာကိုလည်း အရမ်းကျဆင်းစေတယ်။ဒါကြောင့် တာဝန်ရှ်ိသူတွေအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆရာမကို ဥပဒေအရ အရေးယူသင့်တယ်လို့ထင်တယ်” ဟု ဥပဒေမေဂျာတက်ရောက်နေသည့် ပထမနှစ်ကျောင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုဖွဲ့ထားသည့် ကျောင်းသားသမဂ္ဂမှာ စစ်ကောင်စီက အသိမှတ်ပြုထားသည့် တရားဝင်အဖွဲ့မဟုတ်သည့်အတွက် ထုတ်ပြန်တောင်းဆိုရုံမှလွဲ၍ ထဲထဲဝင်ဝင်မလုပ်ဆောင်နိုင်ခဲ့သော်လည်း ၎င်းတို့၏ထုတ်ပြန်တောင်းဆိုမှုကြောင့် တက္ကသိုလ်တာဝန်ရှိသူများက ကျူးလွန်သည့်ဆရာမနှင့် ရိုက်နှက်ခံခဲ့ရသည့် ကျောင်းသူအား တွေ့ဆုံမေးမြန်းသွားမည်ဟု ပြောဆိုလာကြောင်း ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းကိုအောင်က ဆိုသည်။

” ဖြစ်တဲ့နေ့မှာပဲ ကျောင်းသူကလာတ်ိုင်တယ်။ကျောင်းသူ၊ကျောင်းသားတွေအကုန်လုံးလည်း မခံမရပ်နိုင်ဖြစ်သွားကြတာပေါ့။အရိုက်ခံရတဲ့ကောင်မလေးတို့ဖက်ကလည်း ပြသာနာစစချင်းသွေးပူနေလို့ထင်တယ်။ဆရာမကို တရားစွဲမယ်ဆိုတဲ့အထိပြောတယ်။ခဏကြာတော့ လူတွေနားချလိုက်လို့ထင်တယ်။ဒီကိစ္စတွေကို မီဒီယာတွေမှာရော ကျယ်ကျယ်ပြန့်ပြန့်မဖြစ်စေချင်ဘူးလို့ပြောလာတယ်။တက္ကသိုလ်တာဝန်ရှိသူတွေဖက်ကတော့ သူတို့တွေကိုရော ၊အခန်းထဲက မက်ေမြင်ကျောင်းသူတွေကိုရော ခေါ်ပြီးစစ်ဆေးမေးမြန်းမယ်လို့တော့ပြောတယ်။ဘယ်လိုဆောင်ရွက်ပေးသွားမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ၄င်းကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျူးလွန်သည့်ဆရာမအား မည်သို့အရေးယူဆောင်ရွက်သွားမည်ကို သိရှိရရန် စစ်တွေတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်အား ဧရာဝတီတိုင်းမ်က ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ
၄င်းတို့အနေဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိ့နှိုင်းပေးထားပြီဖြစ်ကြောင်း​ ပြန်လည်ဖြေကြားခဲ့သည်။

” ဆရာတို့ဖက်က ဆရာမနဲ့တပည့်ကို အဆင်ပြေအောင်ညှိ့ပေးလိုက်ပြီ။ ကျောင်းသားသမဂ္ဂက ထုတ်ပြန်တာတို့ ၊အရေးယူဖို့တောင်းဆိူတာတို့်ကျ ဆရာတို့ဖတ်လည်းမဖတ်ဖြစ်တော့ သိလည်းမသိဘူး။ဒါပေမဲ့ ဒီကိစ္စမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ညှိ့ပေးလိုက်ပြီလို့ပဲ သဘောထားလိုက်ပါ” ဟု ဒေါက်တာ ခင်မောင်ဇော်က ပြောဆိုသည်။

#စစ်တွေ #တက္ကသိုလ် #စာမေးပွဲခန်း #ကျောင်းသူ #ကနုယ်ထိလက်ရောက် #အရေးယူ #ကျောင်းသားများသမဂ္ဂ #တောင်းဆို
#Ayeyarwaddy_Times