နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
(ပင်လောင်း) ၊ မတ်လ ၁၅ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းနိမ်းရွာ ဘုန်းကြီးကျောင်းတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က သံဃာတော် သုံးပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ရွာသူရွာသား ၂၁ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
ထိုကဲ့သို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု အပြင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) အပါအဝင် ပအိုဝ်းအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီတပ် လက်အောက်ခံ ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းပြည်သူစစ် (PNO) ကမူ ယခုကျူးလွန်မှုသည် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် ပူးပေါင်းအဖွဲ့များဖြစ်သည်ဟု စစ်ကောင်စီကိုကာကွယ်၍ တစ်ဖက်သပ် စွပ်စွဲထုတ် ပြန်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရခြင်းနှင့် ပတ်သက်၍ ပအိုဝ်း အဖွဲ့အစည်း အချို့၏ အမြင်သဘောထားကို သိရှိနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
ခွန်ဝါး (အထွေထွေအတွင်းရေးမှူး-၁)
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)
ဒီဟာတွေက ခွင့်လွှတ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ ဒါမတရားတဲ့ ကိစ္စဖြစ်တယ်။ တာဝန်ယူ၊ တာဝန်ခံမှု လုပ်ဖို့လိုအပ်တယ်။ တရားမျှတမှု ပြန်ရှာဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ကိုယ့်အချင်းချင်း ကြားထဲမှာတော့ အဖြေရှာဖို့၊ ဆွေးနွေးဖို့ဆိုတာက အရင်တုန်းကလည်း ကြိုးစားခဲ့ဖူးတယ်။ ပြင်ဆင်ခဲ့ဖူးတယ်။ ကျွန်တော့်(တသီးပုဂ္ဂလ) အနေနဲ့တော့ ဒီကာလဒီအခြေအနေကို ပအိုဝ်းအင်အားစုတွေအနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုတယ်။
ဒီအခြေအနေ ဒီကာလမှာ ရွေးချယ်စရာ နှစ် ခုရှိတာက စစ်ကောင်စီ အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ပေါင်းမလား၊ တိုက်မလားဆိုတဲ့ အခြေအနေမျိုးမှာ ရှိတယ်။ မပေါင်းဘူး၊ မတိုက်ဘူး ကိုယ့်ဘာသာပဲ နေမယ်ဆိုတဲ့ အခြေအနေမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ်နေခဲ့တဲ့ သူတွေကလည်း ဒီအခြေအနေမှာ အကျပ် ရိုက်လာပြီ။ အကျပ်အတည်းတစ်ခု ဖြစ်လာပြီ။ အဲဒီတော့ ဒီကာလမှာ ပေါင်းတဲ့သူလည်း ပြန်ပြီးချိင့်ချိန်ပါ။ ပြန်ပြီးတော့မှပဲ သုံးသပ်ပါ။ ပြည်သူလူထုတွေ ခံနေရပြီ။ ပအိုဝ်းမှ မဟုတ်ဘူး။ အခြားတိုင်းရင်းသားတွေလည်း ထိုနည်းလည်းကောင်းပဲ။
စစ်ကောင်စီနဲ့ ပတ်သက်ပြီး PNO ကို အချိန်ကာလတစ်ခုအထိ ညှိနှိုင်းတာ၊ စည်းရုံးတာ၊ အသိပေးတာ အရင်လုပ်ပြီးမှ ဘာဆက်လုပ်သင့်လဲဆိုတာ ပိုရှင်းလင်းမယ်လို့ ယူဆပါတယ်။ အဓိကကတော့ မအလ(စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်)ကိုတော့ ပစ်မှတ်ထားရမှာပါ။ စစ်ကောင်စီရဲ့ ဩဇာခံဖြစ်နေတော့ အသံမထွက်ရဲ တာရယ်၊ အသံထွက်ရင်လဲ စကစက ပအိုဝ်းလူထုကို ပိုပြီးတိုက်ခိုက်လာမှာ စိုးတာ ရယ်ကြောင့်လို့ မြင်မိပါတယ်။ တချိူ့ PNO က လူတွေဆိုလည်း သတ္ထု၊ မြေယာ စီမံကိန်းတွေမှာ အကျိူးစီးပွါးရေးအတွက် အကျိူးအမြတ်ရှိနေတော့ မဆန့်ကျင်ရဲ ကြဘူး။
ဗိုလ်မှူးခွန်မင်းသိမ်း (သတင်းနှင့်ပြန်ကြားရေးဌာန)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
တိုက်ပွဲဖြစ်ကြတယ် ဆိုတာကတော့ မဆန်းဘူးပေါ့။ သို့သော်လည်းပဲ အပြစ်မဲ့တဲ့ အရပ်သားသတ်ဖြတ်တာတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ်။ ပြီးတော့ အကြမ်းဖက်တဲ့ လုပ်ရပ်တစ်ခုလို့လည်း ကျွန်တော်တို့က ရှုမြင်ထားပါတယ်။ နောက်တစ်ခုက ဒီကိစ္စကို ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလည်း ဆိုတာကတော့ ကျွန်တော်ထင်တာ ဒါသည် နည်းနည်းရှုပ်ထွေးတယ်။
အောက်ခြေမှာ ပင်လောင်းနဲ့ ဖယ်ခုံအစပ်မှာ ဖြစ်နေတဲ့ကိစ္စကတော့ နည်းနည်းလေး အခြားသောရည်ရွယ်ချက်တော့ ပါလိမ့်မယ်လို့တော့ ယူဆတာပေါ့လေ။ အဓိကကတော့ အဲဒီမှာ ဘာသာတွေ၊ လူမျိုးတွေ မတူတဲ့အုပ်စုတွေ စုစည်းပြီးတော့ နေထိုင်နေကြတဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီအပေါ်မှာလည်း လူမျိုးတစ်စုနဲ့ တစ်စုအကြား ပိုပြီးတော့ သွေးကွဲသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေသလားလို့ စဉ်းစားစရာတော့ ရှိနေတာပေါ့လေ။
လတ်တလောမှာတော့ ဒေသတွင်းမှာ ပဋိပက္ခတွေ ဆက်လက်ပြီးတော့ မဖြစ်ပွားဖို့ဆိုတဲ့ ကိစ္စအနေအထားလည်း ကျွန်တော်တို့က ဦးစားပေးတဲ့အနေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တစ်ခုက အရပ်သားကာကွယ် စောင့်ရှောက်ရေးပေါ့။ ဒီကိစ္စရပ် ပေါ်မှာတော့ မဖြစ်မနေ ဆွေးနွေးစရာတွေ ဖြစ်လာတာပေါ့။ ဒါက တော်တော်လေးကို အရေးကြီးလာတဲ့ အနေအထားမျိုးတော့ ဖြစ်လာတယ်။
ခွန်ဦး (ဥက္ကဋ္ဌ)
ပအိုဝ်းလူငယ်အစည်းအရုံး(PYO)
လက်ရှိလုပ်ရပ်က စစ်ရာဇဝတ်မှုမြောက်တယ်။ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ရူံ့ချကန့်ကွက်ပါတယ်။ ထိုကိစ္စရပ်အပေါ် တာဝန်ခံ တာဝန်ယူဖို့ လိုအပ်ပါတယ်။ ပအိုဝ်းလူထုတွေ မြေစာပင်ဖြစ်နေရတဲ့ကာလတွေ ရှည်ကြာခဲ့ပါပြီ။
ဒါကို ခေါင်းဆောင်အသီးသီးက တရားမျှတရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနဲ့ အာဏာရှင်စနစ်အမျိူးမျိူး ဆန့်ကျင်ရေးကို အခြေခံပြီး ကြေလည် အောင် ဆွေးနွေးပြီး အဖြေရှာကြပါ။ လက်ရှိလူထုပါဝင်နေတဲ့ စစ်အာဏာရှင် စနစ် တော်လှန်ရေးကို မျက်ကွယ်မပြုပဲ မိမိအမျိူးသား လွတ်မြောက်ရေး၊ ပြည်ထောင်စု လွတ်မြောက်ရေးအတွက် အတူလက်တွဲပါဝင်ဖို့ ဆန္ဒပြုပါတယ်။
#ရှမ်းပြည်နယ်တောင်ပိုင်း #ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် #ပင်လောင်း #အစုလိုက်အပြုံလိုက်သတ်ဖြတ် #ပအိုဝ်းအဖွဲ့အစည်း #Ayeyarwaddy_Times