ဧရာ၀တီတိုင်းမ်
မတ်လ ၁၄ ရက်
သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးမဖူးပွင့်ငုံအပါအ၀င် ကိုမင်းရာဇာ၏ မန်နေဂျာဖြစ်သူ ကိုအောင်လွင်စိုး(ခ)ရခိုင်လေးတို့ကို စစ်ကောင်စီလက်အောက်ခံ မြောက်ဥက္ကလာပ တရားရုံးက ယနေ့ မတ်လ ၁၃ ရက်နေ့တွင်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီ ချ မှတ်လိုက်ကြောင်း သိရသည်။
သရုပ်ဆောင်မင်းရာဇာနှင့်အတူကျူးလွန်သူများကို လွန်ခဲ့သည့် ၂၀၂ဝ ခုနှစ်က အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် နစ်နာသူမိန်း ကလေးဘက်မှ ကူညီပေးနေသည့် အမျိုးသမီးအဖွဲ့က မြောက်ဥက္ကလာပတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယခုပြစ်ဒဏ်သည် တရားစွဲဆိုခံထားရသည့် တရားခံများကို အပြင်း အထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ပထမပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီပြစ်ဒဏ်က အပြင်းအထန်နာကျင်စေမှုအတွက်ပါ။ သက်ငယ်မုဒိမ်းမှုအတွက် ခရိုင်တရားရုံးမှာ ဆက်ရင် ဆိုင်နေရတုန်းပါ။ အမိန့်မချရသေးပါဘူး”ဟု အမျိုး သမီးအဖွဲ့မှ ဒေါ်နော်အုန်းလှက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကိုမင်းရာဇာနှင့်ဇနီးအပါအ၀င် ကိုအောင်လွင်စိုးတို့သည် အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့ပြီးနောက် ကရင် ပြည်နယ်မှတစ်ဆင့် နယ်စပ်သို့ထွက်ပြေးရာတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် အမှုများအားလုံးကို ပိတ်သိမ်းခဲ့ရာ နစ်နာသူဘက်မှ လိုက်ပါဆောင်ရွက် ပေးသူများက မပိတ်သိမ်းသင့်ကြောင်း ပြန်လည် လျှောက်ထားခဲ့ကြရာမှ တရားရုံးက လက်ခံ၍ အမှုကို အစမှပြန်လည် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်စစ်ဆေးပြီးနောက် ယခု ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးဖြစ်သူ မဖူးပွင့်ငုံ၊ ကိုမင်းရာဇာ၏မန်နေဂျာ ကိုအောင်လွင်စိုးတို့ကို မြောက်ဥက္ကလာပတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ငါး နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
#သက်ငယ်မုဒိမ်း #သရုပ်ဆောင်မင်းရာဇာ #ဇနီး #မန်နေဂျာ #ထောင်ဒဏ်၅နှစ် #Ayeyarwaddy_Times