ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မတ်လ ၁၃ ရက်

ပဲခူတိုင်း(အနောက်ခြမ်း)၊ ဥက္ကံမြို့အခြေစိုက် အမှတ်-(၂၀၁၇) လေကြောင်းရန် ကာကွယ်ရေးတပ်မှ MA-3 သေနတ် နှစ်လက်ခိုးယူ၍ သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သာယာ၀တီ-ပကဖ) ထံအပ်နှံခဲ့သူ ပြည်သူ နှစ်ဦးကို ငွေကျပ်သိန်း၆၀ ဆုချီးမြှင့်ခဲ့ပြီး ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သာယာဝတီ(ပကဖ) အနေ့ဖြင့် သေနတ်အပ်နှံခဲ့သူ ပြည်သူ နှစ် ဦးအား ငွေကျပ် သိန်း ၆၀ ဆုချီးမြှင့်ခဲ့ပြီး စခန်းရောက်ရန်အတွက် စီစဉ်ပေးသူကိုလည်း ငွေ ၅ သိန်းကျပ်ချီးမြှင့် ခဲ့သည့်အပြင် NUG အစိုးရ အနေဖြင့်လည်း ဂုဏ်ပြုပေးမှုဆောင်ရွက်ရန် တင်ပြထားကြောင်း ယနေ့မတ်လ ၁၃ ရက်နေ့တွင် သာယာဝတီ(ပကဖ)က ပြောကြားသည်။

တာဝန်သိပြည်သူ နှစ်ဦးသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းအချိန်က ဥက္ကံမြို့၊ သကြားစက်အနီး လျှပ်စစ်ဓာတ်အားပေးရုံတွင် တပ်စွဲထားသည့် လကတ-၂၀၁၇ တပ်ရင်းမှ ကင်းစောင့်နေသည့် စစ်‌ကောင်စီတပ်သားများ အရက်မူးပြီး အိပ်ပျော်နေစဉ် ကပစထုတ် MA- 3 ချေမှုန်းရေးရိုင်ဖယ် နှစ်လက်ကို အရဲစွန့်ရယူ၍ ထွက်ပြေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ့ဒီ‌သေနတ် နှစ်လက်ကို ဥက္ကံ ပြည်သူတွေက သာယာ၀တီ(ပကဖ) ဆီကို သူတို့ရဲ့လုံ ခြုံရေးအခြေနေတွေကြောင့် အခုနှစ်ကုန် ပိုင်းကမှ အပ်နှံခဲ့တာပါ။ လွတ်မြောက် နယ်မြေကနေ အခုမှအဆက်အသွယ်ပြန်ရပြီး ဘေးကင်းလုံခြုံတယ်ဆိုလို့ သတင်း ထုတ်တာပါ။ အခန့်မသင့်ရင် ကိုယ့်အသက်ပါပေးရနိုင်တာကို သိသိကြီးနဲ့ တော်လှန်ရေး တာဝန်ကို အရဲ့စွန့်ပြီး ထမ်းဆောင်ခဲ့တဲ့ ပြည်သူ နှစ်ဦးပါ” ဟု သာယာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝာာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို‌ ပြောသည်။

ဥက္ကံပြည်သူ နှစ်ဦးသည် အဆိုပါသေနတ် နှစ်လက်နှင့်အတူ ၅.၅၆ကျည်‌ အတောင့် ၄၀၀ ကျော်ပါ ယူဆောင်လာနိုင်ခဲ့ပြီး အဆိုပါသေနတ် နှစ်လက်ပေါ်တွင် ကုဒ်နံပါတ်∆G 631831 နှင့် ∆AA 602998 တို့ကို ရေးသားထားသည်။

အဆိုပါသေနတ် နှစ် လက်ပျောက်ဆုံးခဲ့ပြီးနောက် ဥက္ကံမြို့နယ် အခြေစိုက် လကတ (၂၀၁၇)မှ စစ်ကောင်စီတပ်အရာရှိဗိုလ်မှူးဖြစ်သူမှာ သေနတ်ပျောက်ဆုံးမှုအား အင်အားအများအပြားဖြင့် ရှာဖွေခဲ့ပြီး စစ်တပ်‌ထောက်ခံသူများအပါအဝင် ဒေသခံ ၃၀ ကျော်အားလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

#ပဲခူးတိုင်း #ဥက္ကံမြို့ #သာယာဝတီပကဖ #စစ်ကောင်စီတပ် #လကတ၂၀၁၇ #သေနတ်၂လက် #Ayeyarwaddy_Times