နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၁၃ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးမှ ပြည်သူ ၁၀ ဦးခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) တပ်သားများဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးတွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်၊ နံနက် ၁၁ နာရီခန့်က အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်များရောက်ရှိလာ၍ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး KIO/KIA တပ်သား တစ် ဦး ပါဝင်ဖမ်းဆီးခံရကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ထံက သိရသည်။

“ဖမ်းခံရတယ်ဆိုတဲ့ သတင်းကတော့ အတည်ပြုပေးလို့ ရပါတယ်။ ဒါပေမယ့် အားလုံးကတော့ ကျွန်တော်တို့ ဝန်ထမ်းတွေ မဟုတ်ဘူး။ အရပ်သားတွေ ဖြစ်ပါတယ်။ အရပ်သားတွေကို သူတို့(စကစ)က KIO/KIA ဝန်ထမ်းတွေလို့ နာမည်တပ်ပြီး ဖမ်းသွားတာပါ။ ကျွန်တော်တို့ တပ်သားက တစ်ဦးတည်းပဲ ပါတာပါ။ ကျန်တာက ပြည်သူလူထုပါ။ အဖမ်းခံရတာ ရိုးရာယဉ်ကျေးမှုအဖွဲ့က ဝန်ဆောင်မှုအဖွဲ့တွေပါ” ဟု KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါနေရာကို သတင်းရရှိ၍ ကား လေး စီးဖြင့် ရောက်ရှိလာကာ ရုံးစောင့် အမျိုးသားအပါအဝင် ပြည်သူများကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကချင်ရိုးရာ ယဉ်ကျေးမှုရုံးဝန်းရှိ ကားသုံးစီးကိုလည်း သိမ်းယူသွားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

“လက်ရှိမှာတော့ တချို့တွေတော့ လွတ်ပြီ၊ တချို့တွေကိုတော့ ပြန်မလွှတ်သေးဘူးလို့ ကြားရတယ်။ ကျွန်တော်တို့လည်း စစ်ဆေးနေတုန်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယမန်နေ့ မတ်လ ၁၂ ရက်၊ နေ့လယ်ပိုင်းက ဖားကန့်မြို့နယ်ရှိ မြို့နယ်လဝက ဦးစီးမှူး ဦးလွင်မြင့်ကို ဝန်ထမ်းအိမ်ယာသို့ ပြန်လာသောလမ်းတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဖားကန့်မြို့တွင်းတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

#ကချင်ပြည်နယ် #ဖားကန့်မြို့ #ကချင်ရိုးရာယဉ်ကျေးမှုရုံး #ပြည်သူ၁၀ဦး #KIO/KIA #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times