ဧရာ၀တီတိုင်းမ်
မတ်လ ၁၄ ရက်
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များ ညအချိန် ကင်းလှည့်စဉ် အမျိုးသားတစ်ဦးမှ ထွက်ကြည့်သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသားမက် ဖြစ်နေ၍ တောင်းပန်ပြီး ပြန်ပို့ခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ညပိုင်းက ပုသိမ်ကြီးမြို့၊ ရေထွက်ရပ်ကွက်အတွင်းသို့ ရဲတပ်ဖွဲ့၀င်များမှ သူခိုးဖမ်းရန်အတွက် ရောက်လာကြစဉ် အမျိုးသား တစ်ဦးမှ ထွက်ကြည့်သည်ဟုဆိုကာ သေနတ်ဒင်ဖြင့်ထု၍ ကန်ကြောက်ရိုက်နှက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
“အဲဒီညက သူတို့က ရဲကားတွေနဲ့ရောက်လာပြီး ကင်းလှည့်တာရော၊ သူခိုး စောင့်ဖမ်းဖို့ဆိုပြီး ရောက်လာချိန်မှာ ဗိုလ်ကြီးသားမက်က ထွက်ကြည့်တာ။ ထွက် ကြည့်ရမလားဆိုပြီး ဘုမသိ ဘမသိနဲ့ ဝိုင်းကန် သူတို့လုပ်နေကြအတိုင်း ဝိုင်းရိုက်ကြတာ။ သေနတ်ဒင်တွေနဲ့လည်း ထုရိုက်ပြီး ဖမ်းခေါ်သွားကြတာ”ဟု ပုသိမ်ကြီးမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ထို့သို့ ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားသည် ခလရ (၄)မှ စစ်ကောင်စီတပ်၏ ဗိုလ်ကြီးတစ်ဦး၏ သားမက်ဖြစ်နေ၍ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရဲများသည် တောင်းပန်ကာ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်၊ မဲကင်း ကုန်းကျေးရွာရှိ ၀န်ထမ်းအိမ်ရာတွင် ညအချိန်သူခိုးစောင့်ဖမ်းသည့် အိမ်ရာဥက္ကဋ္ဌနှင့် အိမ်ရာလုံခြုံရေး၀န်ထမ်းများက ခလရ (၉၅) မှ ဗိုလ်မှူးတစ်ဦးကို သူခိုးနှင့်မှား၍ ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။
Photo- ပုံဟောင်းအားပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်။