ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်တပ်သတင်းပေးလို့ဆိုသူ ဦးကျော်ဟိန်းကို ဇူလိုင်လ ၉ ရက် မနေ့ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော် မတီက ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်းမှာ ဦးကျော်ဟိန်းကထွက်ပြေးလွတ် မြောက်ခဲ့ပြီးတော့ သူရဲ့ ဇနီးဖြစ်သူ ဒေါ်ဖြူသန်းနဲ့ တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မငုဝါနိုးတို့ ကျည်ဆံထိမှန်ခဲ့ပြီး မငုဝါနိုးမှာ အသက်သေဆုံးသွားခဲ့တယ်လို့ မငုဝါနိုးရဲ့ ဖခင်ဖြစ်သူက သပိတ်ကော်မတီကို ပြောပါတယ်။

မငုဝါနိုး၏ မိဘများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များ၏ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုးမှာလည်း အဲ့ဒီပစ်ခတ်မှုဖြစ်ပွားတဲ့ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ ခေတ္တလာရောက်နေထိုင်ခြင်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက တော့ အဲ့ဒီဖြစ်စဉ်မှာ ၎င်းတို့တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်း အတည်ပြုပြောကြားထားပြီးပစ်ခတ်မှုနှင့်ပတ်သက်လို့ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
ကျည်ဆံထိမှန်ခဲ့တဲ့ မငုဝါနိုးမှာ အချိန်မှီ ဆေးကုသမှုခံယူနိုင်ပါကအသက်ရှင်သန်နိုင်သော်လည်းစစ်ကောင်စီလက် အောက်ခံများက ဆေးကုသမှုခံယူရန် အရေးပေါ်ကားဖြင့် လူနာကို အချိန်မှီသယ်ဆောင်ခွင့်မပြုသဖြင့်အသက် မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတာလို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကဆိုပါတယ်။

ဓာတ်ပုံ- သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ သေဆုံးသူကလေးငယ်၏ ဖခင်ဖြစ်သူခွင့်ပြုချက်ဖြင့်ဖော်ပြထားသည့်ပုံဖြစ်သည်။