မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
မြောင်းမြ၊ ဇူလိုင်လ ၁၀ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က မြို့မရဲစခန်းမှူးနေအိမ်မှာ ဇူလိုင်လ လဆန်းပိုင်းမှာ မီးစက်အခိုးခံရမှု ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

မြောင်းမြမြို့မရဲစခန်းမှူးဟာ ရဲစခန်းဝန်း အပြင် ရပ်ကွက်ထဲမှာနေထိုင်သူဖြစ်တာကြောင့် စခန်းမှူးနေအိမ်မှာ တပ်ဆင်ထားတဲ့ မီးစက် ဖြုတ်ခိုးတာခံခဲ့ရတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ စခန်းမှူးက အပြင်မှာနေတာ မြို့နယ်မှူးပဲ စခန်းဝန်းထဲမှာနေတာ စခန်းအပြင်မှာနေတဲ့ စခန်းမှူးအိမ်က အခိုးခံရတာပါ တရားခံကတော့လိုက်နေတုန်းပဲ ဖမ်းထားတာတော့ ၅ ယောက်လောက်ရှိပြီ”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မြောင်းမြမြို့မရဲစခန်းမှူးနေအိမ်ကနေ မီးစက်ဖြုတ်ခိုးသွားတဲ့ သူခိုးကို ဖမ်းမိဖို့အတွက် နယ်ထိန်းတွေကို ဖိအားပေးစေခိုင်းထားပေမယ့် ဇူလိုင်လ ၉ ရက်နေ့ထိ တရားခံအစစ်ကို ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။

မြောင်းမြမြို့မရဲစခန်းမှူးဟာ ရဲစခန်းဝန်းအပြင် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ အိမ်းနားမှာနေထိုင်သူ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။