ဧရာဝတီတိုင်းမ်
(ချောင်းဦး)၊ မတ်လ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတောတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို Snipe Rangers Force (S.R.S.F) နှင့်ပူးပေါင်းတပ်ဖွဲ့မှ မတ်လ ၁၁ ရက် ညနေ ၄ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်ရှိ ကင်းမွန်တောတွင် အထိုင်ချတပ်စွဲကာ သောင်းကျန်နေသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပထမအကြိမ်တွင် ထိခိုက်ခြင်းမရှိ၍ ဒုတိယအကြိမ်ထပ်မံပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများသည့်အတွက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရမှုများရှိကြောင်း သိရသည်။
“စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့သိထားရပါတယ်တယ်။ ရှစ် ယောက် အထက်ဖြစ်မယ်လို့ ခန့်မှန်းထားတယ်ပေမယ့် လတ်တလော မြေပြင်အခြေအနေအရ သေချာမသိရသေးဘူး။ တိုက်တာတော့ ကျွန်တော်တို့ သုံး ဖွဲ့ပေါင်းတိုက်တာဖြစ်ပြီး ကင်းစောင့်ပေးနေတဲ့ ကာကွယ်ရေးတပ်ရင်းတွေလည်းပါတယ် ” ဟု Snipe Rangers Forceတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (S.R.S.F) တပ်ဖွဲ့ ၊ DBBS တပ်ဖွဲ့ ၊ နွေဦးရဲဘော် နှင့် မဟာမိတ် တပ်ဖွဲ့ များ ၊ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ ကျေးရွာ ပ.က.ဖ အဖွဲ့ဝင်များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က Snipe Rangers Force(S.R.S.F) ၏ ဥက္ကဌ မစ်ရှင် လုပ်ဆောင်ရန်သွားစဉ် ကားတိမ်မှောက်ပြီး ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ဆေးကု သမှုခံယူနေရပြီး ဆေးကုသစရိတ်လိုအပ်ချက်များရှိနေ၍ အကူအညီ ပေးကြရန် (S.R.S.F) က မေတ္တာရပ်ခံထားသည်။
#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #စစ်ကောင်စီတပ် #PDF #လက်နက်ကြီး #တိုက်ပွဲ #Ayeyarwaddy_Times