ဧရာဝတီတိုင်းမ်
မတ်လ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်က နေအိမ်များမှာ ဒီဇယ်၊ ဓါတ်ဆီရောင်းချတဲ့ ဆိုင်တွေကို စစ်ကောင်စီလက်အောက်ခံ ရဲ၊ မီးသတ်၊ ထွေအုပ်၊ စည်ပင် အဖွဲ့တွေက မတ်လဒုတိယပါတ်အတွင်း လိုက်လံဖမ်းဆီးနေတာကြောင့် ပိတ်သိမ်းထားရတယ်လို့ သိရပါတယ်။
လိုင်စင်မရှိရင်ပိတ်သိမ်းမယ်ဆိုကာ လိုက်လံဖမ်းဆီး နေတာကြောင့် ရဲနဲ့ မီးသတ်တွေကို ဆီအလကားပေး ထားရတဲ့ လမ်းဘေးအိမ်ဆိုင်အသေးလေးတွေဟာ ပိတ်ထားရတာလို့ ဆီဆိုင်ပိုင်ရှင်တွေကပြောပါတယ်။
“ကျွန်တော်တို့ကိုလိုင်စင်မရှိလို့ ဖမ်းမယ်ပြောတယ် ဟိုးအရင်ထဲက ဆိုင်ကြီးတွေ ကနေ ၂ဂါလံ ၃ဂါလံယူပြီး ပုလင်းလေးနဲ့အိမ်ရှေ့မှာ တစ်နိုင်တစ်ပိုင်ရောင်းတာ၊ လိုင်စင်ဘယ်လိုလုပ်နိုင်မလဲ အရင်ဆိုလဲ ရဲကဆီအလကားထည့်လိုက် မီးသတ်က အလှူငွေလာကောက်လိုက်နဲ့ ပေးနေရတာပဲ၊ ခုက သူတို့ကဥပဒေအမျိုးမျိုးလုပ်နေလို့ မဖွင့်ရဲတော့ဘူး “လို့ ပုသိမ်မြို့က ဆီဆိုင်ငယ်ပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။
မတ်လ ဒုတိယအပါတ်အတွင်း မှာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေက နေအိမ်ရှေ့မှာ ရောင်းချနေတဲ့ဆီဆိုင်များနဲ့ ဆီပန့်ဆိုင်အသေးများကိုရောင်းချခွင့်မပြုကြောင်း လိုက်လံပြောကြားခဲ့ပြီး နောက် အမှတ် ၅ ရပ်ကွက်မရမ်းချိုလမ်းက ပန့်အသေးနဲ့ရောင်းချနေတဲ့ နေအိမ်ကို ၀င်ရောက်ဖမ်းဆီးပြီး ဆီများကိုသိမ်းယူသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ကျွန်တော်ထင်တာတော့ ဒါက စည်းကမ်းကိုအကြောင်းပြပြီးငွေရှာနေတာလို့ထင်တယ်၊ ခုလိုပိတ်ပြီး တစ်လလောက်ဆို ဆီဆိုင်ငယ်တွေစုပြီး တစ်ဆိုင်ဘယ်လောက်ဆိုပြီး ငွေလာပေးလိုက်ရင် ပြန်ဖွင့်ဆိုလုပ်အုန်းမှာ၊ စစ်တပ်အုပ်ချုပ်နေတဲ့ ခေတ်မှာ ဒါမျိုးတွေ ကြုံနေရမှာပဲ”လို့ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။
ခုလိုပုသိမ်မြို့ပေါ်ရပ်ကွက်အတွင်းက နေအိမ် ဆီဆိုင်တွေ ပိတ်သိမ်းထားတာကြောင့် ဆီဆိုင်အကြီးများမှာသာ ဆီ၀ယ်ယူ ရရှိတာကြောင့် ဆိုင်ကယ် ကယ်ရီ နဲ့ သုံးဘီးဆိုင်ကယ် ၊ အလုပ်အသွားအပြန် သွားကြသူများလမ်းဘေးဆီဆိုင်မှာ အရင်လို အလွယ်တစ်ကူ ၀ယ်မရတာကြောင့်အခက်အခဲဖြစ်ကြတယ်လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ ဆီဆိုင်ကြီးတွေကနေ တစ်နိုင်၀ယ်ယူကာ ရေသန့်ဘူးနဲ့ ထည့်ပြီး နေအိမ်ရှေ့မှာ ပြန်လည်ရောင်းချနေသူ ၁၅၀၀ ကျော်ရှိပြီး ဆီပန့်အသေးစားနဲ့ ရောင်းချနေတဲ့ အိမ်ဆိုင် ၄၀ကျော် ရှိနေတယ်လို့သိရပြီး လက်ရှိစစ်ကောင်စီက ပိတ်သိမ်းခိုင်းထားတဲ့အတွက် စား၀တ်နေရေးခက်ခဲ သွားတယ်လို့ ဆီရောင်းချနေသူတွေကနေသိရပါတယ်။
#ပုသိမ်မြို့ #လမ်းဘေးဆီဆိုင် #ပိတ်သိမ်းခိုင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။