ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မတ်လ ၁၃ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်အခြေစိုက် အမှတ် (၁၀၁၀) လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦး CDM လုပ်၍ထွက်ပြေးသွားသည်ဟုဆိုကာ အဆိုပါတပ်သား၏မိသားစုအား စစ်ကောင်စီတပ်မှပြန်လည်ဖမ်းဆီးခဲ့ပြီး ၁ ပတ်ကျော်ကြာမြင့်ချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။
သာယာဝတီမြို့နယ်၊ အုန်းဝောာစုကျေးရွာမှ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သား ဖိုးသင်္ကြန်၏ အဖေနှင့်အမေဖြစ်သူအပါအဝင် မိသားစုဝင် ၅ ဦးအား ဗိုလ်မှူးကြည်မျိုးလွင်မှ ဦးဆောင်၍ လေကြောင်းရန်ကာကွယ်ရေးတပ်အတွင်း၌ မတ်လ ၆ ရက်နေ့မှစတင်၍ ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ အဆက်အသွယ်မရသေးကြောင်း အဆိုပါမိသားစုနှင့် နီးစပ်သူထံမှ သိရသည်။
“တပ်သားကထွက်ပြေးသွားလို့ဆိုပြီး သူ့ရဲ့အိမ်ကမိဘ ၂ ဦးရယ် မောင်နှစ်မ ၃ ယောက်ရယ်ကို လေကြောင်းရန်ကာကွယ်ရေးတပ်ထဲဖမ်းခေါ်သွားတာ။ ခုထိသတင်းမကြားရဘူး။ အသက်မပြည့်သေးတဲ့ခလေး ၂ ယောက်ပဲကျန်ခဲ့တယ်။ အဲ့ဒီခလေးတွေကိုတော့ ရပ်ရွာကပဲကြည့်ရှုထားတယ်။ ထွက်ပြေးသွားတဲ့ တပ်သားကလွတ်မြောက်နယ်မြေရောက်နေပြီ။” ဟု အသက် ၄၀ ဝန်းကျင် သာယာဝတီဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမှတ်(၁၀၁၀) လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်သားဖိုးသင်္ကြန်မှာ မတ်လ ၅ ရက်တွင် တပ်အတွင်းမှ ထွက်ပြေး၍ CDM ပြုလုပ်ခဲ့ပြီး ယခုအခါတွင် လွတ်မြောက်နယ်မြေသို့လုံခြုံစွာရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် မတ်လ ၁၀ ရက်နေ့အထိကောက်ခံရရှိသည့်စာရင်းများအရ မြန်မာနိုင်ငံအနှံ့ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း(၁၆၄၃၂) ဦးရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း(၁၅၅၈) ဦးနှင့်အထက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ထုတ်ပြန်ချက်များအရ သိရသည်။
#သာယာဝတီ #အုန်းတောစု #CDMတပ်သား #အမှတ်၁၀၁၀လေကြောင်းရန်ကာကွယ်ရေးတပ် #ဖမ်းခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။