ဧရာဝတီတိုင်းမ်
(မအူပင်) /မတ်လ ၁၃ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် (၂၇) ခြေလျင်တပ်ရင်းအတွက် ပညာရေးဌာနမှ မူလွန် ကျောင်းဆောက်လုပ်ရန် ချပေးသည့်ငွေများကို အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာခဲ့သူ မအူပင်မြို့မှ ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်အား စစ်ကောင်စီမှ အဖွဲ့စုံဖြင့်စစ်ဆေးမှု့များ ပြုလုပ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်မြစ်များ ထံက သိရသည်။

ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်သည် မအူပင်မြို့အဝင်ဂိတ်မှ လစဥ် ကျပ်သိန်း ၂၅၀ ရယူနေပြီး စားသောက်ဆိုင်များတွင်လည်း အစုရှယ်ယာများထည့်ဝင်ကာ စီးပွားရှာနေသူ ဖြစ်ကြောင်း သိရသည်။

“G-1 (ဒုတိယဗိုလ်မှူးကြီး)နိုင်လွင်က မအူပင်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ (၂၇) မူလွန်စာသင်ကျောင်းဆောက်လုပ်ဖို့ ငွေကို သူ့ဆီအပ်ခိုင်းတယ်။ ပြီးတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အလှူခံခိုင်းပြီး စာသင်ကျောင်းဆောက်ဖို့ လုပ်တာရယ်၊ မအူပင်မြို့ အဝင်အထွက်တွေဂိတ်ကနေ လစဥ်ကြေး တောင်းယူတာနဲ့ BKK စားသောက်ဆိုင်တွေမှာ အစုရှယ်ရာဝင်ပြီး ကိုကျိုးစီးပွားရှာနေတာတွေကို စစ်ကောင်စီ တပ်က စစ်ဆေးနေတယ်။ အမှန်က အုတ်၊သဲ၊ကျောက်ဆိုင်တွေကနေ တစ်ဆိုင်ကို ဘိလပ်မြေ အိတ် ၅၀ စီပေးရတာတွေ မပါသေးဘူး။ နောက် လောကနက် ရေသန့်စက်ရုံမှာလည်း အစုရှယ်ယာတွေဝင်ထားသေးတယ်။ နိုင်လွင်ရဲ့ ဇာတိမြို့မှာဖွင့်ထားတဲ့ BKK-II ရယ်၊ နောက်မအူပင်တံတားဂိတ်မှာတာဝန်ကျနေသူတွေနဲ့ ပိုက်ဆံအလှူခံပေးနေရတဲ့ အုပ်ချုပ်ရေးမှူး တွေကိုပါစစ်ဆေးခဲ့တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒုတိယ ဗိုလ်မှူးကြီး နိုင်လွင်သည် မအူပင်မြို့တွင် တာဝန်ကျနေသည့် ၂ နှစ် ကျော်အတွင်း ရာထူးနှင့် မလိုက်အောင် ကိုယ်ကျိုးစီးပွားရှာနေသူဖြစ်ပြီး မအူပင်ကျိုတ်လတ် အထွက်တွင် လယ်ယာမြေများဝယ်ယူထားခြင်း၊ ၎င်းအား ငွေရှာပေးနေသူများကို စားသောက်ဆိုင်နှင့် KTVများဖွင်လှစ်ခွင့်ပြုပေးခြင်း၊ ရဲစခန်းနှင့် KBZ ဘဏ် အနီး တွင်လည်း အရက်ဆိုင်အေးဂျင့်ဆိုင်များ ဖွင့်ခွင့်တွေပေးခြင်း အပြင် ရန်ကုန်မြို့ တွင်လည်း တိုက်ခန်းများဆောက်လုပ်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် မအူပင်မြို့တွင် တာဝန်ကျကျခြင်း လုပ်ငန်းရှင်တစ်ဦးကို Wlsh အမျိုးစား အဖြူရောင် ကားတစ်စီးဝယ်ယူခိုင်းခြင်း၊ နိုင်ငံရေးနှင့်ပတ်သတ်သူများဟု စွပ်စွဲဖမ်းဆီးပြီး ငွေကြေးအမြောက်အများ တောင်းယူကာ ဝန်ခံကတိပြုလုပ်၍ ပြန်လွှတ်ပေးခြင်း၊ မအူပင်မြို့ရှိ သစ်လုပ်ငန်းရှင်များနှင့် သစ်မှောင်ခိုပြုလုပ်ရာတွင် လမ်းကြောင်း တာ၀န်ယူပေးခြင်း တို့ဖြင့် ငွေကြေးအမြောက်အများပိုင်ဆိုင်နေသူဖြစ်ပြီး ယခုအခါတွင် စစ်ကောင်စီတပ် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #မအူပင်မြို့ #ဒုဗိုလ်မှူးကြီး #စာသင်ကျောင်း #အလွဲသုံးစား #စစ်ဆေး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…