ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၁၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာရှိတဲ့ ကလိန်အောင်မြို့ကျောက်ရှပ်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ်တွေကိုဖျက်ဆီးခဲ့ကာ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူ သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကလိန်အောင်ဖက်ကနေ ကျောက်ရှပ်ရွာဖက်ကို စစ်ကောင်စီတပ်သားတွေ၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်၊ ရွာခံပျူစောထီးနဲ့ အဖွဲ့တွေဝင်ရောက်လာပြီး နေအိမ်အချို့ကို ဖျက်ဆီးခဲ့ တာလို့သိရပါတယ်။
“အခုမနက်ပိုင်းက ကျောက်ရှပ်ရွာက နေအိမ် လေးဆောင် (လေးလုံး) ကိုဖျက်ဆီးသွားတယ်။ တန်ဖိုးကြီးပစ္စည်းတွေကိုလည်းခိုးယူသွားတယ်။ ပြီးတော့ ကလိန်အောင် အမှတ်(၃) ရပ်ကွက်က နေအိမ် တစ်ဆောင်ကို လည်းဖျက်ဆီးသွားတယ်။ အဲ့ဒီ ရပ်ကွက်က အိမ်တစ်ဆာင်ကိုလည်း မီးရှို့ဖို့ပြောသေးတယ်။ရွာထဲမှာဆိုတော့ အိမ်တွေနဲ့ အရမ်းနီးနေလို့ မီးမရှို့ဖို့ ဒေသခံတွေက တောင်းပန်တာကြောင့် ဒီအတိုင်းပဲထားခဲ့ပြီး အဲဒီအိမ်ကိုတော့ ရစရာမရှိအောင်ဖျက်ဆီးပစ်ခဲ့တယ်”လို့ ကျောက်ရှပ်ရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
ကလိန်အောင်မြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၄၀၈)၊ခမရ (၄၀၉)၊ ခမရ (၄၁၀) တပ်ရင်းတွေက တပ်သား ၃၀ လောက်နဲ့ပူးပေါင်းအဖွဲ့တွေက သူတို့မှာ ပါလာတဲ့ နာမည်စာရင်းရှိသူတွေရဲ့ အိမ်တွေကိုအဓိကထားစစ်ဆေး နေတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေး တာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ လည်းဒေသခံတွေဆီကသိရပါတယ်။
အခုလို ရွာထဲကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာတာကြောင့် ဒေသခံရွာသား တွေက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း ဆိုင်ကယ်နဲ့လာတဲ့ ဆယ်ကျော်သက် အမျိုးသမီးနှစ်ဦးကို စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့ပြီး ခမရ (၄၁၀) ခြေမြန်တပ်ရင်းရဲ့ စစ်ကြောရေးသို့ ပို့ဆောင်ထားတာ ယနေ့အချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
#တနင်္သာရီ #ကလိန်အောင်မြို့ #စစ်ကောင်စီတပ် #နေအိမ်များဖျက်ဆီး #ပစ္စည်းခိုးယူ #Ayeyarwaddy_Times