ဧရာဝတီတိုင်းမ်
(ကျောက်တော်)၊ မတ်လ ၁၃ ရက်

ရခိုင်တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က အရပ်သားတွေကို ရက်ရက်စက် စက်သတ်ဖြတ်တာ၊အရပ်သားလူနေအိမ်တွေကို မီးရှို့တာစတဲ့ စစ်ရာဇာဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း အဲဒီဖြစ်စဉ်တွေမှာကိုယ်တိုင်ပါဝင်ခဲ့ပြီး အာဏာဖီဆန်(CDM)လုပ်လာတဲ့ တပ်သားတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်ကကျူးလွန်ခဲ့တဲ့ စစ်ရာဇာဝတ်မှုမြောက်တဲ့ ဖြစ်စဉ်တွေအကြောင်း ရခိုင်မှာ သုံးနှစ်ဝန်းကျင်တာဝန်ကျခဲ့တဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၉ မှ တပ်သားကောင်းမြတ်က MPA သတင်းဌာနနဲ့ အင်တာဗျူးမှာ အဲဒီလိုထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။

အဲဒီအင်တာဗျူးတွေမှာ တပ်သားကောင်းမြတ်က သူတို့အနေနဲ့ ကျောက်တော်မြို့မှ ပုလင်းခွံကောက်သူတစ်ဦး( ဦးကျော်လှိုင်)ကို ရိုက်နှက်သတ်ဖြတ်ပြီး တစ်စစီခုတ်ထစ်ကာ ဆာလာအိတ်ထဲထည့်ပြီး မြစ်ထဲမျောပစ်ခဲ့ကြောင်း ဆိုပါတယ်။

“သူ့ရဲ့အလောင်းကို မြေမြှုပ်လိုက်ပြီဆိုတာနဲ့ ခွေတွေလာဖော်သွားရင် တပ်က ရက်စက်စွာသတ်ပါတယ်ဆိုပြီး အဖြေပေါ်မှာစိုးလို့ပေါ့။သူတို့က အဲလိုမျိုး မလုပ်တော့ဘဲနဲ့ သူ့ကိုတစ်စစီခုတ်ပစ်လိုက်တယ်။တစ်စစီခုတ်ပစ်ပြီးမှ ဆာလာအိတ်ထဲထည့်ပြီးတော့ ချောင်းကမ်းနံဘေးကို ကြိုးနဲ့ချည်ပြီး သွားမျောပစ်တာပေါ့။” လို့ တပ်သားကောင်းမြတ်က အင်တာဗျူးမှာ ပြောပါတယ်။

အဲဒီရခိုင်ပြည်၊ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်ပြည်အတွင်း အရပ်သားကျေးရွာတွေကို မီးရှို့ပစ်ခဲ့တာ၊လူနေရွာတွေအတွင်း သေနတ်တွေ ပစ်ဖောက်ပြီး လမ်းကြောင်းရှင်းလို့ အရပ်သားတွေ သေခဲ့ကြရတာစတဲ့အကြောင်းတွေကို သူက ထုတ်ပြောပါတယ်။

“လက်လုပ်မိုင်းပေါက်ကွဲတယ်။ကွဲတဲ့အချိန်မှာ အဲဒီမှာရှိသမျှရွာကို အကုန်လုံးပစ်ရှင်းရှင်းသွားတယ်။ကားခြောက်စီးလောက်နဲ့၊ပစ်ရှင်းရှင်းသွားတဲ့အချိန်မှာ အရပ်သားတွေ သေတာမနည်းဘူးလို့ ကျွန်တော်တို့ သတင်းကြားရတယ်။ဘယ်တပ်ကမှန်းလည်း မသိဘူးပေ့ါနော်။ဘတ်တစ်ခုတည်းနဲ့။”လို့ CDM တပ်သားကောင်းမြတ်က အင်တာဗျူးမှာ ပြောပါတယ်။

စစ်သားတွေဟာ အဲဒီလို လူနေရွာတွေအတွင်း သွားလာ၊လမ်းကြောင်းရှင်းတာ၊အရပ်သားနေအိမ်တွေကို မီးရှို့တဲ့အခါတွေမှာ ဘယ်တပ်ရင်းက တပ်သားဖြစ်တယ်ဆိုတဲ့အချက်ကို ပေါ်လွင်စေမယ့် ဘတ်တဆိပ်တွေကို ဖြုတ်ထားကြောင်းလည်း သူက ပြောပြပါတယ်။

လူနေအိမ်ပေါင်းနှစ်ရာကျော် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ကျောက်တော်မြို့နယ်၊ဘုရားပေါင်းနဲ့တောင်ပေါက်ရွာတွေကိုလည်း သူတို့ကိုယ်တိုင်ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ကြောင်း CDM လုပ်လာတဲ့ မြန်မာစစ်တပ်မှ တပ်သားဟောင်းကောင်းမြတ်က ပြောပါတယ်။(အဲဒီရွာတွေ မီးရှို့ခံရစဉ်ကာလကတော့ စစ်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ သူတို့စစ်တပ်အနေနဲ့ မီးရှို့တာမရှိကြောင်း မီဒီယာတွေကို ပြောင်ပြောင်တင်းတင်းငြင်းဆိုခဲ့ပါတယ်။)

“ကျွန်တော်တို့ အဲဒီညကရှို့တာ နှစ်ရွာဆက်တိုက်ရှို့တာခင်ဗျ။”လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူနေအိမ်တွေကို မီးရှို့တာတွေကို လုပ်ပြီးနောက် အဲဒီလုပ်ရပ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေက လုပ်တာဖြစ်ကြောင်း ဝါဒဖြန့်လေ့ရှိတယ်လို့လည်း တပ်သားကောင်းမြတ်က ပြောပါတယ်။

ခုလိုမျိုး အရပ်သားကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ် သားတွေကို ဖမ်းဆီး၊ရိုက်နှက်၊သတ်ဖြတ်တာ၊အရပ်သားပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဟာ စစ်ပွဲတွေအတွင်းလိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)၊ ရောမဥပဒေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းတို့ကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုလည်း မြောက်ကြောင်း နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောကြပါတယ်။

ရခိုင်ပြည်အတွင်း တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်း အမျိုးသမီး၊ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၄၉ ဦးဟာ စစ်ကောင် စီတပ်ရဲ့ လက်နက်ကြောင့် သေဆုံးခဲ့ရပြီး ၁၁၉ ဦးဟာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

(ဓာတ်ပုံ-ရခိုင်စစ်ပွဲပထမကာလ ၂၀၂၀ပြည့်နှစ်၊မတ်လက မြန်မာစစ်တပ်ရဲ့တပ်မ ၅၅ မှဖမ်းဆီးသတ်ဖြတ်မီးရှို့ထားခဲ့တဲ့ မင်းပြားမြို့နယ်၊ဖားပြိုကျေးရွာသားတစ်ဦး/BNA)