ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်
မြန်မာနဲ့ယူကရိန်းမှာ အခြေအနေ ဆိုးရွားလာတာနဲ့ပတ်သက်လို့ အိန္ဒိယနဲ့သြစတြေးလျနိုင်ငံတွေက အ လွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆို လိုက်ပါတယ်။
အကြောင်းမဲ့ ထိန်းသိမ်းခံရသူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ရဖို့၊ မြန်မာ နိုင်ငံမှာ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်တစ်ရပ် အသွင်ကူးပြောင်းဖို့အတွက် တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် အဖြေရှာဖို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်တို့ က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံဉီးဆောင်တဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း မိုဒီနဲ့ အယ်လ် ဘာနိစ်တို့က ထပ်လောင်းအတည်ပြုခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝေ ဖော်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။
အယ်လ်ဘာနိစ်က အိန္ဒိယနိုင်ငံသို့ မတ်လ ၈ ရက်မှ ၁၁ ရက်အထိ သွားရောက်ကာ နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုးပြီး နှစ်နိုင်ငံကြား ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပြီးနောက် အခုလို ကြေ ညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“ဝန်ကြီးချုပ်နှစ်ဉီးက ရန်လိုမုန်းတီးမှုတွေ ချက်ချင်း ရပ်ဆဲဖို့နဲ့ ပဋိပက္ခအတွက် ငြိမ်းချမ်းသောအဖြေရှာဖို့ လိုအပ်တာကို ထပ်လောင်းပြောကြားခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျလာခဲ့သလို ထောင်နဲ့ ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံခဲ့ပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေ ထိန်းသိမ်းခံရကာ သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ် စွန့်ခွာခဲ့ရပါတယ်။
ကိုးကား – ANI
Ref; India, Australia express deep concern over humanitarian situation in Myanmar and Ukraine