ဧရာ၀တီတိုင်းမ်
မတ်လ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းမှာ ယနေ့ (မတ်လ ၁၂ ရက်) မနက် ၈ နာရီခန့်က ကလေး-ဖလမ်း ကားလမ်းပေါ်ရှိ နယူးဆွမ်းပီး (New Suangpi) ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိသည်။
ကားအစီး ၂၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် ယာဉ်တန်းမှာ မတ်လ ပထမပတ်ကစတင်၍ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ချီတက်လာနေခြင်းဖြစ်ပြီး ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ် – CDF များက မတ်လ ၁၁ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် နယူးဆွမ်းပီးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“နယူးဆွမ်းပီးရွာက ကလေး-ဖလမ်း ကားလမ်းပေါ်မှာရှိတယ်။ မနေ့ကတော့ CDF စီးယင်းတပ်တွေနဲ့ စကစ တပ်တွေ တိုက်ပွဲတချို့ဖြစ်တယ်လို့ ကြားတယ်။ ဒီနေ့မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က ကျေးရွာ စာသင်ကျောင်းနဲ့ ဆရာမတွေနေဖို့ဆောက်ထားတဲ့အဆောင်ကို မီးနဲ့ရှို့တယ်လို့ သိရတယ်”ဟု ဖလမ်းဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
နယူဆွမ်းပီး(New Suangpi ) ကျေးရွာမှာ ကလေး – ဖလမ်း – ဟားခါးလမ်းမကြီးပေါ်ရှိ အိမ်ခြေ ၂၀ ဝန်းကျင်ရှိသော ကျေးရွာလေးတစ်ရွာဖြစ်သည်။ လက်ရှိတါင် စစ်ကောင်စီတပ်များမှာ နယူးဆွမ်းပီးရွာကို မီးရှို့ပြီးနောက် ဗားလုံကျေးရွာ၌ ယာယီစခန်းချနေကြောင်း သိရသည်။
ကားအစီး ၂၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် ယာဉ်တန်းမှာ မတ်လ ပထမပတ်ကစတင်၍ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ချီတက်လာခဲ့ခြင်းဖြစ်ပြီး ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ဖလမ်းမြို့သို့ မရောက်ရှိသေးဘဲ ခက်ခဲစွာ ချီတက်နေရကြောင်း သိရသည်။
“မနေ့က စကစတပ်ကို CDF စီးယင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ ၄ နေရာမိုင်းဆွဲ တိုက်ခိုက်တာမှာ စကစဘက်က ၄ ယောက်သေတယ်။ ၁၀ ယောကလောက် ဒဏ်ရာရခဲ့တယ်”ဟု ကလေး – ဖလမ်းကားလမ်းပေါ်တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အနော်ရထာစစ်ဆင်ရေးအဖြစ် ချင်းပြည်နယ်အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းကလည်း ကလေး-ဖလမ်း-ဟားခါး လမ်းမကြီးပေါ်ရှိ ကျေးရွာတချို့ကို မီးရှို့ခြင်း၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ထန်တလန်မြို့ကို မီးရှို့ခြင်းနှင့် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး-CNF ၏ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – CJ
#ချင်းပြည်နယ် #ဖလမ်း #ရွာမီးရှို့ #စစ်ကြောင်းထိုး #Ayeyarwaddy_Times