ကိုကိုလေး/ဧရာဝတီတိုင်းမ်
မတ်လ ၁၂ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းတိုက်ပွဲမှာ အပြင်းအထန်ဒဏ်ရရှိခဲ့တဲ့ ကော့သောင်း၊ ၄၂ မိုင် ခမရ (၅၉၂) တပ်ရင်းက တပ်ရေးဗိုလ်ကြီးတစ်ဦး ထိုင်းနိုင်ငံ ရနောင်းဆေးရုံမှာဆေးကုသခံယူနေရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးထံက သိရပါတယ်။
ခမရ (၅၉၂) တပ်ရင်းက တပ်ရေးဗိုလ်ကြီး သူရိန်မြင့် ဆိုသူဟာ ဝိုင်ဒင်းတိုက်ပွဲမှာ ဒဏ်ရာ အပြင်း အထန် ရရှိခဲ့တာဖြစ်ပြီး မတ်လ ၄ ရက်နေ့မှာဘဲ ထိုင်းနိုင်ငံ ရနောင်းဆေးရုံ Ranong Hospital တွင် သွားရောက်ဆေးကုသခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီကောင်က ဒဏ်ရာရရခြင်းပဲ ကော့သောင်း စစ်ဆေးရုံသွားပြတယ်၊ အဲ့ဒီမှာ စစ်ဆေးရုံက ဒဏ်ရာပြင်းထန်တော့ သူတ်ို့မကုနိုင်တာနဲ့ ရနောင်းဆေးရုံကို ချက်ခြင်းသွားရတာ။အခုထိ မသက်သာသေးဘူး။ သူ့နာမည်အရင်းက သူရိန်မြင့် ဒါပေမယ့် ဆေးရုံမှာ နာမည်လွှဲပြီး စိုးလင်း ဆိုတဲ့အမည်နဲ့ ဆေးရုံတက်နေတာ။ နာမည်အရင်းနဲ့ သူဆေးရုံမတက်ရဲဘူး” လို့ ခမရ ၅၉၂ တပ်ရင်းနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရထားတဲ့ ခမရ (၅၉၂) တပ်ရင်းက တပ်ရေးဗိုလ်ကြီး သူရိန်မြင့် ရဲ့ လိုအပ်နေတဲ့ဆေးဝါးကုသစရိတ်ကိုတော့ ခရိုနီကြီးတစ်ဦးက ဘတ်ငွေထောက်ပံ့ပေးထားတယ် လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးကဆက်လက်ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်ရေးဗိုလ်ကြီး သူရိန်မြင့် ဆိုသူဟာ ကော့သောင်း၊ ခမောက်ကြီး အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ -၂၀ လက်အောက်ခံ ခြေမြန်တပ်ရင်း (၅၉၂) တပ်ရင်းကဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကော့သောင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အောက်ရှိ ကော့သောင်း၊ ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်မှာ ခမရ (၅၉၂) တပ်ရင်း အပြင် ခမရ(၂၆၂/၄၃၁/ ၄၃၂/ ၂၈၂/၅၈၄/ ၅၈၂ / ၅၉၅/၅၉၆/၅၉၇) စတဲ့ တပ်ရင်းတွေပါဝင်ပြီး တပ်ရင်း ၁၀ ခုအထိရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီ ဝိုင်ဒင်းတိုက်ပွဲမှာဘဲ ကော့သောင်း NLD ဥက္ကဌ ဦးသက်နိုင် အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး ၎င်းတို့ရဲ့ ရုပ်အလောင်းက်ို နယ်မြေအခြေအနေအရ ယနေ့အချိန်အထိ ကောက်ယူနိုင်ခြင်း မရှိခဲ့ဘူးလို့လည်း ကော့သောင်း ဒေသခံတွေကဆိုပါတယ်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ကော့သောင်း #ဝိုင်ဒင်းတိုက်ပွဲ #ဒဏ်ရာရ၅၉၂တပ်က
#တပ်ရေးဗိုလ်ကြီးသူရိန်မြင့် #ရနောင်းဆေးရုံ
မှာဆေးကုသခံယူနေ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။