ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်ကျေးရွာအုပ်စု၊ မဒဲယာန်ရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉)၊ တပ်ရင်း (၆)နယ်မြေကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါတပ်ရင်း ၆ နယ်မြေကို မတ်လ ၁၀ ရက်၊ နံနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်အုပ်စုမှ ဂျက်လေယာဉ် ၂ စီး ဖြင့် ၄ ကြိမ်ထက်မနည်း လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်လာမည်ကို ကြိုတင်သတင်းရရှိခဲ့သဖြင့် တိမ်းရှောင်နိုင်ခဲ့ရာ လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ညအချိန်မတော်ကြီး လေယာဉ် ၂ စီးနဲ့ လာပစ်ခဲ့တယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ ပြောကြတယ်။ သေချာတော့ ကျွန်တော်မသိဘူး။ ဖားကန့်မှာ ညဘက်တွေဆို ပစ်သံတွေ ကြားနေရတယ်။ သူတို့(စကစ)တွေ ခြောက်လှန့်ပစ်နေကြတာ နေမှာပေါ့။ တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် KIA တပ်ရင်း ၆ တပ်စခန်း မီးဖိုးချောင်နှင့် ခန်းမဆောင်တစ်ချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း KIA တပ်မဟာ (၆) ၊ တပ်ရင်း (၉) နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များနှင့် KIA တို့ ထိုနေ့မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

ထိုနှစ်ဖက်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ သေဆုံးသွားသည့် အရာရှိများကို Four Wheel ကားများ၊ Light Truck ကားများဖြင့် ပလာစတစ်အုပ်၍ ခိုးယူသယ်ဆောင်သွားပြီး ထိခိုက်သေဆုံးခဲ့သည့် အကြမ်းဖက်စစ်အုပ်စု တပ်သားများနှင့် ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်များ၏ အလောင်းများကိုမူ ရှေ့တန်းစစ်မြေပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ KIA တပ်ရင်း (၉)တပ်စခန်းကို ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ၎င်းလက်အောက်ခံ တပ်စခန်းက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။

#KIA# ကချင် #အကြမ်းဖက်စစ်အုပ်စု #လေယာဉ် #ထိခိုက်ပျက်စီး #Ayeyarwaddy_Times