ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ်လ ၁၂ ရက်

ချင်းပြည်နယ်ဘက်သို့ ရိက္ခာပို့ရန်ဟု ယူဆရသော စစ်ကောင်စီ၏ ယာဥ်အစီးရေ ၈၀ ကျော်သည် မတ်လ ၁၀ ရက်နေ့က ပခုက္ကူမြို့မှ စတင်ထွက်ခွာလာခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ချင်းပြည်နယ်ဘက်သို့ ဦးတည်လာသော အဆိုပါ စစ်ယာဥ်တန်းတွင် ရိက္ခာနှင့်လက်နက်ခဲယမ်းများ တင်ဆောင်လာကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်tချို့လိုက်ပါလာကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

“ချင်းပြည်ဘက်ကိုထွက်ခွာမယ်လို့တော့ သတင်းရပါတယ်။ အတည်ပြုလို့ မရသေးလို့ ပါခင်ဗျာ။ လက်ရှိနောက်ဆုံးအတည်ပြုနိုင်တာက စစ်ကောင်စီယာဉ်တန်းဟာ ကျောက်ထုဘက် က ထွက်မလာသေးဘူးလို့သိရတယ်ခင်ဗျ။ ခြေလျင်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ခန့်တော့ တက်လာနေတယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ ဘကျောက်တံခါးကျေးရွာ ကျော်လာပီလို့သိရပါတယ်ခင်ဗျာ” ဟု ယောအလင်းတန်းက ဧရာဝတီတိုင်းမ်သတင်းဌာနကို ပြောသည်။

ထို့ပြင် လက်ရှိ စစ်ရေးအခြေအနေအရ မိဘပြည်သူများအနေဖြင့် ကျောက်ထု – မင်းတပ်ကား လမ်းပိုင်းအား ဖြစ်သန်းသွားလာခြင်းလုံး၀ မပြုလုပ်ကြရန် ယောအလင်းတန်းအွန်လိုင်းစာမျက်နှာက ယနေ့ မတ်လ ၁၁ ရက်နေ့တွင် အသိပေးထားသည်။

ယခင် ၂၀၂၁-၂၀၂၂ခုနှစ်က မင်းတပ်မြို့နှင့် မတူပီမြို့ဘက်သို့ စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်း ၃ ကြိမ်လာရောက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သည်။

“မတူပီနဲ့ မင်းတပ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေအတွက် အင်အား၊ ရိက္ခာတွေ လာပို့ပေးတယ်လို့ လတ်တလောကြားသိရပါတယ်။ ယခင်နှစ်တုန်းကလည်း မတူပီမြို့ကို သံချပ်ကာတွေအပါအဝင် ယာဥ်တန်း ၈၀ ကျော်နဲ့ ရိက္ခာလာပို့ဖူးတယ်။ ရိက္ခာလာပို့တဲ့ ယာဥ်တန်းကို CDF-Mindat အပါအဝင် ကျွန်တော်တို့ကလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာ ရတဲ့သူတွေ တော်တော်များပါတယ်။ အခုလည်း ကျွန်တော်တို့ရဲ့ နယ်မြေထဲ ရောက်လာပြီဆိုရင်တိုက်မှာပဲ” ဟု CDF-Matupi ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းဘက်သို့ စစ်ကောင်စီ၏ ရိက္ခာ၊ ခဲယမ်း ဖြည့်တင်းရန် သံချပ်ကာယာဥ်နှစ်စီးနှင့်အတူ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်း သည် မတ်လ ၉ ရက်နေ့က ကလေးမြို့မှ ဖလမ်းမြို့နယ်နှင့် တီးတိန်နယ်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဒေသသတင်းဌာန များ၏ ဖော်ပြချက်အရသိရသည်။

Photo-ယခင်နှစ်က မင်းတပ်-မတူပီဘက်သို့ ရိက္ခပို့လာသော စစ်ကောင်စီယာဥ်တန်း

#ချင်းပြည်နယ် #စစ်ကောင်စီ #ယာဥ်အစီးရေ၈၀ကျော် #အင်အားရိက္ခာ #ဖြည့်တင်း #Ayeyarwaddy_ Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…