ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ် ၊ မတ်လ ၁၂ ရက်)

လောကကြီးမှာ ဖြစ်တည်ခြင်း သဘောတရားတွေရှိသလို ပျက်စီးခြင်း အကြောင်း အရာတွေကို ရင်ဆိုင်ကြုံတွေ့ရတာလည်း ဓမ္မတာပါပဲ။ စစ်ပွဲအတွင်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကြောင့် လူကြီး ၊ လူငယ်၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ အများကြီး သေဆုံးကြရပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်တွေကို အသက်အန္တရာယ်ကင်းဖို့ ကြိုးစား စစ်‌ဘေးရှောင်‌ ကြတဲ့အခါမှာ နာမကျန်းဖြစ်တာ ထိခိုက်ဒဏ်ရာရတာတွေ ရှိသလို ကိုယ်ဝန်ဆောင် အမျိုးသမီးလေးတွေအနေနဲ့ သားပျက်သားလျှောခြင်း ကိစ္စတွေကို မကြုံချင်ပေမယ့် စိတ်မကောင်းစွာကြုံတွေ့နေရပါတယ်။

ကိုယ်ဝန်ဆောင်စဉ်သားပျက်သား‌လျှောလက္ခဏာများ

ကိုယ်ဝန်ရှိနေတဲ့အမျိုးသမီး သားပျက်သား‌လျှောပြီဆိုရင် ခါးကိုက်လာပါမယ်။ ဆီးစပ် ကိုက်ခဲနာကျင်လာပြီး သွေး‌တွေဆင်းလာပါတယ်။

မရပ်မနား သွေးဆင်းများလာရင် သွေးအားနည်းပြီးဖြူဖျော့သွားပါမယ်။သွေးပေါင်ချိန် အလွန်ကျပြီး သတိလစ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။သွေးလန့်ပြီး အသက်ပါဆုံးရှုံး သွားနိုင်ပါတယ်။အဲ့ဒီလိုအ‌ခြေအနေတွေမဖြစ်ဖို့ ဆေးရည်သွင်းကုသ‌မှု‌ပေးရသလို အရေး ပေါ်သွေးသွင်း ကုသမှုတွေလည်း လိုအပ်လာနိုင်ပါတယ်။

သွေးဆင်းတဲ့အခါသွေးစ သွေးခဲတွေနဲ့အတူ ငါးရံ့အူလို အသားစလေးတွေ (ကလေးလောင်း) ပါသွားတတ်ပါတယ်။ သားအိမ်တွင်းမှ ကလေးနဲ့အချင်း အကုန် မဆင်းဘဲ အစအန ကျန်ခဲ့မယ်ဆိုရင် ရောဂါပိုးဝင်ပြီး ချမ်းတုန် ဖျားတတ်ပါတယ်။ ဆိုးဆိုးရွားရွား အပုပ်နံ နံတဲ့ အရည်တွေဆင်းလာတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ နောက်ဆက်တွဲ ပြသနာတွေအနေနဲ့ ကယောင် ကတမ်းဖြစ်တာ ၊ (အကြောဆွဲ) တက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေလည်း ဖြစ်လာတတ်ပါတယ်။

စစ်ရှောင်နေစဉ်ကိုယ်ဝန်ထိခိုက်ခြင်း

လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ရွာတွေကိုစစ်ကြောင်း ဝင်ရောက်ဖျက်ဆီးပြီး အသက်အန္တရာယ် ရန်ရှာခံရနိုင်တာတွေအတွက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အလွန် အမင်း စိုးရိမ်ထိတ်လန့် စိတ်ဆင်းရဲတာတွေကြုံတွေ့ပြီး ကိုယ်ဝန်ကိုထိခိုက်စေပါတယ်။

ဒါ့အပြင် အကြမ်းဖက်ပြီး ဝမ်းဗိုက်ကိုကန်ကျောက်ခံရခြင်း ၊ ထိခိုက်လိမ့်ကျ ချော်လဲလို့ ဝမ်းဗိုက်ပြင်ပ ဒါဏ်ရာရခြင်း၊ ကာလရှည်စွာခရီးကြမ်းသွားပြီး စစ်ဘေးတိမ်းရှောင်ရခြင်း၊ အစားအသောက် ရှားပါးလို့ ကိုယ်ဝန်ဆောင်အတွက် အာဟာရမပြည့်ဝတဲ့ အစားအစာတွေ စားနေရခြင်းကလည်း ကိုယ်ဝန်ပျက်ကျစေဘို့ ဖန်လာတဲ့ အကြောင်း အရာတွေပဲ ဖြစ်ပါတယ်။

သားပျက်သား‌လျှောစဉ်လုပ်ဆောင်ရမည့်အရာများ

သားပျက် သားလျှောတယ်လို့ သံသယရှိရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြီး ကုသမှု ခံယူရပါမယ်။ နောက်ကျသွားရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ဆေးခန်းမှာ ဆရာဝန် နဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေက ကိုယ်ဝန်ဟော်မုန်း HCG ကို ရှာဖွေဖို့ သွေးစစ် ဆီးစစ်‌ပေးပါမယ်။ ဗိုက်စမ်းသပ်ပြီး မိန်းမကိုယ်‌မွေးလမ်းကြောင်းကိုပါ လိုအပ်သလို စမ်းသပ်စစ်ဆေး‌ပေးပါမယ်။ အာထွာဆောင်း (တယ်လီဗေးရှင်းဓါတ်မှန်) ရိုက်ပြီး သန္ဓေသားရဲ့ ကိုယ်ဝန်အစိတ်အပိုင်းတွေ ကျန်မကျန် ရှာဖွေပါမယ်။ မိန်းမကိုယ်တွင်း အာထွာဆောင်း အဖြေက ဝမ်းဗိုက်ပေါ်မှ ရိုက်ကူးတဲ့ အာထွာ ဆောင်းထက် ပိုတိကျတဲ့အဖြေပေးနိုင်ပါတယ်။ သားအိမ်မှာ ကိုယ်ဝန်ရဲ့သန္ဓေသား အစအနတွေ အကုန်အစင် ဆင်းသွားပြီဆိုရင်တော့ ဘာကုသမှုမှမလိုအပ်တော့ပါဘူး။ ၁၄ ရက်စောင့်ကြည့်ပြီးလို အပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရပါတယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက်ဆက်လက်လုပ်ဆောင်ရန်

ကိုယ်ဝန်ပျက်ပြီး ရက်သတ္တပါတ် နှစ်ပတ်အကြာမှာ ကိုယ်ဝန် ဟော်မုန်း ရှာ‌ဖွေဖို့ ဆီးထပ်စစ်ရပါမယ်။ ဆီးထဲမှာ ကိုယ်ဝန်ဟော်မုန်း မရှိတော့ဘူး (Negative)ဆိုရင် ကုသမှုပြီးဆုံးပါပြီ။ ချက်ချင်းကိုယ်ဝန်ပြန်မရ နိုင်အောင် သားဆက်ခြားနည်း တမျိုး မျိုးကိုရွေးချယ်ပေးရပါမယ်။

သားအိမ်တွင်းမှာ သန္ဓေသား ကိုယ်ဝန်အစိတ်အပိုင်းတွေကျန်နေသေးတယ်ဆိုရင်တော့

-၃ပတ်အတွင်း သားအိမ်ကသူ့အလိုလို ညှစ်ထုတ်တာမျိုး စောင်းဆိုင်းမလား

– (သားအိမ်ညှစ်)ဆေးပေးပြီးကုမလား

-EVA (evacuation vacuum aspiration) လို့ခေါ်တဲ့ လေစုပ်ပြွန်သုံးပြီး သားအိမ်တွင်း သန္ဓေသား ကိုယ်ဝန်အစိတ်အပိုင်းတွေကို ဖယ်ရှားပြီးကုမလားဆိုတာကို ဆရာဝန် (သို့မဟုတ်)ကျန်းမာရေးစောင့်ရှောက်သူ က အကောင်းဆုံးရွေးချယ်ပေးမှာပါ။

စစ်ဘေး‌ရှောင်နေစဉ်မှာတော့ သားအိမ်ညှစ်ဆေးပေးထားပြီး ပစ္စည်းကိရိယာရှိပါက လေစုပ်ပြွန်သုံးပြီး ကုသတာက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

ဆေးကြောင့် သားအိမ်ဝပွင့်ပြီးဆိုပါက ကြွင်းကျန်နေတဲ့ သန္ဓေသား ကိုယ်ဝန် အစိတ်အပိုင်းတွေကို ဖယ်ရှား သားအိမ်ခြစ်ရပါတယ်။ သားအိမ်ခြစ်တံနဲ့လုပ်တာတွေ အရင်ခေတ်အခါက လုပ်ကြပေမယ့် ယခုအခါ လေစုပ်ပြွန်နဲ့သာ လုပ်ကြပါတော့တယ်။ သားအိမ်ပေါက်ထွက်ခြင်းလို ပြသနာတွေ တော်တော်လေး လျော့နည်းသွားပြီး ကုသမှုလည်း အောင်မြင်လွယ်ကူလာတာတွေ့ရပါတယ်။ ပိုးသတ်ဆေး‌တွေ အကိုက်ခဲ ပျောက်ဆေးတွေသောက်ရပါမယ်။ ရေဓါတ်ပြန်ဖြည့်တင်းပြီး သေချာ အနားယူရပါမယ်။

အာထရာဆောင်း ရိုက်ပြီး သားအိမ်မှာ ကိုယ်ဝန်ရဲ့သန္ဓေသား အစအနတတွေကုန်စင်လား စစ်ဆေးရပါမယ်။ အာထရာဆောင်း မရနိုင်ပါက ဆီးအတွင်းကိုယ်ဝန်ဟော်မုန်းကို အကြိမ်ကြိမ် ပြန်လည်စစ်ပြီး ခက်ခက်ခဲခဲ ခန့်မှန်းကုသရတော့မှာပါ။ ချမ်းတုန်တာ ဖျားတာ၊ အန်တာ၊ ဗိုက်နာခါးနာကိုက်ခဲတာတွေမရှိတော့ရင် ၊ အနံ့ဆိုးဝါးတဲ့သွေး အရည်တွေ သွေးအတုံးခဲတွေ မပါတော့ဘဲ ရာသီသွေးပုံမှန် ပြန်ဆင်းပြီရင် ပြန်လည် နေကောင်းလာပြီဖြစ်ပါတယ်။ သားဆက်ခြားနည်းလမ်းတွေကို တိုင်ပင်ဆွေးနွေး ရွေးချယ် ပေးရပါမယ်။

ကြုံတွေ့ရသူတွေကိုနှစ်သိမ့်ပေးပါ

သားပျက်သားလျှောခြင်းကို ဘယ်အမျိုးသမီးမှ ကြုံချင်မှာမဟုတ်ပါဘူး။ မလွှဲမရှောင်သာကြုံလာရတဲ့အခါ ဆိုးဆိုးရွားရွား စိတ်ဒဏ်ရာရပါတယ်။ မလွယ်ကူတဲ့ အတွေ့အကြုံဖြစ်တာကြောင့် ယူကြုံးမရ ခံစားရတာတွေ ကိုယ့်ကိုယ်ကို အပြစ်တင်မိတာ‌တွေ သိမ်ငယ်ဝမ်းနည်းတာတွေ ကြေကွဲဆို့နင့်တာ‌တွေကို လူးလိမ့်နေအောင် ခံစားရတတ်ပါတယ်။

မိခင်လောင်းတွေမှာသာမက၊ ဖခင်ဖြစ်ဖို့မျှော်လင့်နေတဲ့ အမျိုးသားတွေမှာလဲ ထပ်တူနီးပါး ခံစားရပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးသူတွေအနေနဲ့ စိတ်ကျန်းမာ ရေးအတွက် တိုင်ပင်ဆွေးနွေး ကုသပေးတာတွေ လိုအပ်ပါတယ်။ ခံစားချက်တွေကို သိုဝှက်မထားဖို့ ခံစားရတာတွေ ရင်ဖွင့်ပြောကြားနိုင်ဖို့ ယူကြုံးမရဖြစ်နေတဲ့ ပူဆွေးမှု တွေကို ဖြေသိမ့်နိုင်ဖို့ နွေးထွေးတဲ့ အားပေးစကားတွေပြောပေးရပါမယ်။ နားလည်မှုတွေ ပေးပြီး ဆွေးနွေးကုသပေးရပါမယ်။

ပိုလိုအပ်လာရင် လူနာရဲ့ခံစားချက်ကို နားထောင်ပေးနိုင်၊ နားလည်ပေးနိုင်မယ့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာလုပ်ရပါမယ်။

စစ်ရှောင်နေစဉ် ကိုယ်ဝန်ဆောင်သားပျက်သားလျှော ဖြစ်ခဲ့လျှင် ပြုစုကုသခြင်း အမျိုးသမီးကျန်းမာရေးအကြောင်းအရာကို ပြောပြီးသွားတဲ့အခါ နောက်တစ်ပတ်မှာ စစ်ဘေးရှောင်စခန်း‌တွေမှာ ကြုံတွေ့ရတတ်တဲ့ ဝမ်း‌လျှောခြင်း နှင့် အစာအဆိပ်သင့် ခြင်းကိစ္စတွေကို ဆက်လက်ဖော်ပြပေးမှာပါ။ စစ်ဘေးရှောင်ပြည်သူတွေ ကျန်းမာ ဘေးကင်းကြပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သားပျက်လျှော #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)