ကျော်လင်း/ဧရာဝတီတိုင်းမ်
ရေကြည်၊ ဇူလိုင်လ ၁၀ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ လိုက်ပါ လာတဲ့ ရိုဟင်ဂျာ ၅၁ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအဝင် နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ဂွမြို့နယ်က ဗေဒါစစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံလို့ ထွက်ပြေးလာတဲ့ ကား ၂ စီးကို စစ်ကောင်စီတပ်သားတွေက နောက်ကလိုက် ဖမ်းဆီးချိန်မှာ မိဿာလင်ကျေးရွာအုပ်စုထဲက စာဥစမ်းကျေးရွာအနားမှာဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

“ ဂွဘက်က လှမ်းပြီးဒီဘက်ကို သတင်းပေးတာ ကား ၂ စီးအစစ်ဆေးမခံဘဲ ထွက်ပြေးသွားတယ် သတင်းပေး တော့ ကုန်းပြင်စခန်းကနေ ထွက်စောင့်ဖမ်းတာ အားလုံးဆို ၅၁ ကလေး ၂ ဦးပါတယ်”လို့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေလိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို စစ်ဆေးရေးဂိတ်မှာဖမ်းဆီးချိန်မှာ လိုက်ပို့တဲ့ ကား ၂ စီး ထဲမှာ ၁ စီးကို ဖမ်းမိပြီး အဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၀ ဦးနဲ့ ကလေး ၂ ဦး စုစုပေါင်း ၄၉ ဦးကို ဖမ်းဆီးခဲ့သလို တခြားနေရာကနေ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ်ကဖမ်းဆီးချိန်မှာ ကား ၁ စီးသာဖမ်းမိခဲ့တာဖြစ်ပြီး နောက်ကား ၁ စီးကိုတော့ ရေနံသာ – ဂွ ကားလမ်း မိုင်တိုင်အမှတ် ၉ နဲ့ ၁၀ ကြားမှာ ရပ်တန့်ထားတဲ့ ကားကိုသာ ဖမ်းမိပြီး ယာဉ်မောင်းကတော့ လွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ရခိုင်ပြည်နယ်ကနေ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၁ ဦးကို ရေကြည်မြို့နယ်ထဲက ကုန်းပြင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး အရေးယူဖို့ စစ်ကောင်စီကို တင်ပြထားတယ်လို့ သိရပါတယ်။