ဗီအာတီ/ဧရာဝတီတိုင်းမ်
ချင်းပြည်နယ်၊ ဇူလိုင်လ ၁၀ ရက်

ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါအဖြစ်များပြီး စစ်ကောင်စီက ဆေးကုသဖို့ ထိန်းချုပ်ထားတာကြောင့် စစ်ဘေးရှောင်တွေဆေးကုသဖို့အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေပိုမိုများလာပြီး စစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာတွေမှာ ဒေသခံတိုင်းရင်း သားအများစု ငှက်ဖျားရောဂါဖြစ်လာသလို ဆေးကုသဖို့အခက်ကြုံနေတဲ့အပြင် စားနပ်ရိက္ခာတွေပါ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ မိုးတွင်းကာလလည်းဖြစ်တယ် တော်တောင်ထဲ စစ်ဘေးရှောင်နေရတာများတယ် ငှက်ဖျားရောဂါ အဖြစ် များလာတယ်၊ ငှက်ဖျားရောဂါကုဖို့ ဆေးမရတော့ ကုသမှုတွေမလုပ်ပေးနိုင်လို့ ကလေးငယ်တွေ အသက် ဆုံးရှုံး သွားတာတွေလည်း ရှိတယ်”လို့ ဒေသခံ စစ်ဘေးရှောင်စခန်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ငှက်ဖျားရောဂါဟာ စစ်ဘေးရှောင်စခန်းတွေမှာသာမက ကျေးရွာတွေမှာလည်း အဖြစ်များနေပြီး လိုအပ်တဲ့ ဆေးဝါးတွေပြတ်နေမှုနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကုသပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေ ငှက်ဖျားရောဂါဖြစ်တဲ့အခါ CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေက လိုက်လံကုသမှုတွေပြုလုပ်ပေးနေပေမယ့် ဆေးဝါးမလုံလောက်တာကြောင့် ကုသဖို့ခက်ခဲနေတယ်လို့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

“ တချို့ရွာတွေမှာ ရွာလုံးကျွတ် ငှက်ဖျားဖြစ်နေကြတာ ကျေးလတ်ကျန်းမာရေးတာဝန်ခံတွေလည်း မရှိတော့ သူတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုနေကြရတယ် နည်းနည်းပါးပါးနားလည်တဲ့ ဒေသခံလူတွေနဲ့ ကုနေရတယ်” လို့ ပြောပါတယ်။

ငှက်ဖျားဖြစ်နေတဲ့ ဒေသခံအများစုဟာ ဆေးဝါးကုသဖို့အတွက် မြို့ပေါ်ကိုသွားရောက်ကုသလိုပေမယ့် စစ်ကောင်စီတပ်သားတွေ ရန်ရှာမှာ ကြောက်နေရသလို လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ရွာမှာပဲ နားလည်းတဲ့သူတွေရှာကုနေကြရတာလို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ငှက်ဖျားဖြစ်တဲ့ဦးရေဟာ ၂၀၂၁ ခုနှစ်က လူစာရင်းထက်ပိုများလာတာကြောင့် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ Chin Health Organization(CHO) က ကျန်းမာရေးပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနဲ့ NGO/INGOs များထံ အကူညီတောင်းခံထားတယ်လို့ သိရပါတယ်။