ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနမြို့နယ် အရှေ့ဘက်ခြမ်းဒေသတွင် မတ်လ ဒုတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်း အသုံးပြု၍ ထိုးစစ်ဆင်မှုများလုပ်ဆောင်လျှက်ရှိနေသည်။
ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းမှာ စစ်ကောင်စီအနေဖြင့် ယခုနှစ်အတွင်း ရွေကောက်ပွဲကျင်းပနိုင်ရေးအတွက်ဖြစ်ကြောင်း ကရင်နီစစ်ဘက်ရေးရာဗဟိုပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ရွေးကောက်ပွဲလုပ်ဖြစ် မလုပ်ဖြစ်တော့ မသိသေးဘူး။ မတ်လ ဒုတိယပတ်ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးတာတွေ စလုပ်လာတယ်။ ဒီးမော့ဆိုမြို့နယ်က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ၄ မြိို့နယ်ထဲမှာလည်း ပါတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေ KNDF၊ PDF တွေလည်း ဒီနယ်မြေထဲမှာ လှုပ်ရှားသွားလာနေတယ်ဆိုတော့ စစ်ကာင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပချင်တာကြောင့် စစ်ရေးတိုးမြှင့်မှုတွေ လုပ်ဆောင်လာတာလို့ပဲ သုံးသပ်လိုပါတယ်” ဟု ကရင်နီစစ်ဘက်ရေးရာဗဟိုပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတ်လ ၇ ရက်နေ့မှစတင်ကာ ဘောလခဲမြို့နယ်မှ စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းဒေသသို့ ထိုးစစ်ဆင်လျှက်ရှိနေသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ လက်နက်ခဲယမ်းလုံလောက်မှုရှိသော်လည်း ချွေတာသုံးစွဲ၍သာ ခုခံတိုက်ခိုက်နေရကြောင်း စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ကာလကြာမြင့်စွာ ထိုးစစ်ဆင်လာပါက အခက်အခဲများရှိလာနိုင်ကြောင်း ကရင်နီစစ်ဘက်ရေးရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက သုံးသပ်ပြောဆိုထားသည်။
ယမန်နေ့ မတ်လ (၁၀) ရက်နေ့ မနက်(၆)နာရီအချိန်ခန့်တွင် (၁)နာရီကြာခန့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းတို့သည် ဒီမောဆိုအရှေ့ခြမ်းဒေသရှိ ဒေါသဲရွာအတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ(၁၄)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအချို့ရရှိခဲ့ကြောင်း ကရင်နီစစ်ဘက်ရေးရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဒီးမော့ဆိုအရှေ့ခြမ်းဒေသတွင် အတည်မပြုနိုင်သေးသည့် ပျံ့နှံနေသော ကောလာဟာလသတင်းတစ်ခုကြောင့် လူထုအများစု စိုးရိမ်ပူပန်မှု ဖြစ်နေရကြောင်း၊ ၎င်းသတင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးဆုံးပါက စစ်ဂျက်လေယာဉ်များဖြင့် စစ်ဆင်ရေးပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိစာရင်းများအရ ဒီမောဆိုအရှေ့ဖက်ခြမ်းတွင် စစ်ကောင်စီတပ်များ စတင်စစ်ကြောင်းထိုးသည့် မတ်လ ၇ ရက်နေ့မှ ယနေ့အချိန်အထိ စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်အထိရှိလာပြီး စုစုပေါင်း ၁၅၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အရေအတွက်ထပ်မံတိုးလာဖွယ်ရှိကြောင်း ကရင်နီစစ်ဘက်ရေးရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ရေးသားဖော်ပြထားသည်။
#ဒီးမော့ဆို #စစ်ကောင်စီ #ရွေးကောက်ပွဲ #ထိုးစစ်ဆင် #အင်အားသုံး #KMIC
#Ayeyarwaddy_Times