နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စစ်ကိုင်း၊ မတ်လ ၁၁ ရက်

အကြမ်းဖက် စစ်အုပ်စုက လူအစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် စစ်ကိုင်းမြို့နယ်၊ ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာ ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ကျပ်ငွေ ၁,၃၂၀,၀၀၀ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း ယနေ့ မတ်လ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် တာတိုင်ကျေးရွာရှိ ကျဆုံးပြည်သူ ၁၇ ဦးနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် မတ်လ ၉ ရက်တွင် သက်ဆိုင်ရာ မြို့နယ်လူသားစာနာတာ၀န်ခံနှင့် ဆက်သွယ်ရေးတာ၀န်ခံတို့မှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ကျပ်ငွေ ၁,၃၂၀,၀၀၀ အား သွားရောက်ထောက်ပံ့ခဲ့ပြီး ကျေးရွာနေ ပြည်သူလူထုအား နှစ်သိမ့်အားပေးစကား ပြောကြားခြင်းအစီစဉ်ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“NUG ဘက်ကနေပြီး သက်ဆိုင်ရာ တာဝန်ပေးအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ ပုဂ္ဂိုလ်တွေ လာပြီးတော့ ကျေးရွာကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ စိတ်ဓာတ်ခွန်အား အားပေးစကားတွေ ပြောတယ်ပေါ့။ စိတ်ပိုင်းဆိုင်ရာပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ခုနက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးသလို ဆုံးရှုံးနစ်နာသွားတဲ့ ပြည်သူလူထုအတွက်ကို လောလောဆယ်ကတော့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက တစ်ဦးကို တစ်သိန်းနှုန်း ပေးတယ်လို့ သိရတယ်” ဟု စစ်ကိုင်းမြို့နယ်(ပအဖ) နာယကတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရမှုအပေါ် မိသားစုများနှင့် ထပ်တူဝမ်းနည်းရပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှု၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို လုယက်ဖျက်ဆီးမှု စသည့် စစ်ရာဇဝတ်မှုများအားလုံးကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်ဟု NUG အစိုးရက ထုတ်ပြန်ထားသည်။

“မိသားစုအသတ်ခံရသူအနေနဲ့ ကျွန်တော်လို နောက်ထပ်မိသားစုတွေ၊ နောက်ထပ်ပြည်သူတွေ မဖြစ်ရအောင် အတတ်နိုင်ဆုံး နိုင်ငံတကာကရော၊ ဝန်ကြီးဌာနတွေကရော ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မတ်လ ၆ ရက်က ပြုလုပ်ခဲ့သည့် NUG သတင်းစာရှင်းလင်းပွဲတွင် အသတ်ခံရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

လူသားချင်းစာနာမှု အကူအညီများသည် ပြည်သူမှ ပြည်သူသို့ ကူညီထားသည့် အလှူငွေများဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသည့် စစ်ဘေးရှောင် ပြည်သူများလက်ဝယ်သို့ ရောက်ရှိနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်လျက် ရှိ‌ကြောင်းနှင့် နိုင်ငံတကာမှ အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#တာတိုင်ကျေးရွာ #စစ်ကိုင်းမြို့ #NUG #ထောက်ပံ့ငွေပေးအပ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…