ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီ စတာ လင်ပေါင် ၅ ဒသမ ၂၆ သန်း ထပ်မံ ပံ့ပိုးကူညီမယ်လို့ ဗြိတိန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တောင်အာရှဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၂၆ သန်း ထောက်ပံ့မယ် လို့ အမေရိကန်နိုင်ငံက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံက အခုလိုပံ့ပိုးကူညီဖို့ ဆုံးဖြတ်လိုက်တာပါ။

စတာလင်ပေါင် ၄ ဒသမ ၂၆ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့် ပေးအပ်မှာဖြစ်ပြီး စတာလင်ပေါင်တစ်သန်းကို မီးဖိုတွေဝယ်ယူဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တစ်ဆင့် လှူဒါန်းမယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံးက ပြောပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ် သန်းဝန်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေပါတယ်။

ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာပြည်သူတွေကို ဗြိတိန်နိုင်ငံက ဘယ်လို ကူညီနေတယ်ဆိုတာ ကြည့်ရှုဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေတဲ့ ဗြိတိန် အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်နီမာရီထရီဗယ်ရန်းက ကော့ဘဇား ခရိုင်သို့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

“ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဘေးအန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ရေရှည်အဖြေ တစ်ခုရှာဖို့ ဗြိတိန်နိုင်ငံက ဆက်လက် တွန်းအားပေးမှာဖြစ်ပါတယ်” လို့ အန်နီမာရီထရီဗယ်ရန်းက ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အိမ်ရှင်အသိုင်းအဝိုင်းတွေအတွက် အစားအစာ၊ နေအိမ်၊ ရေ၊ ကျန်း မာရေးစောင့်ရှောက်မှု အပါအဝင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၃၅၀ ထောက်ပံ့ခဲ့ ပြီးဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ဒေါ်လာ ၈၇၆ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂက ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Eastern Eye
Ref; UK announces £5m package for Rohingya refugees